DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့်မဖြစ်၍ နေရပ်စွန့်ခွာသူ ပြန်လက်မခံနိုင်သေး
DVB
·
January 24, 2018
ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့်မဖြစ်၍ နေရပ်စွန့်ခွာသူ ပြန်လက်မခံနိုင်သေး
Donate to DVB

 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုပ်ဆောင်စရာအဆင့်တွေများစွာရှိနေတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာလို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောကနေ နေရပ်စွန့်ခွာ ထွက်ပြေးသွား သူတွေကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့်မဖြစ်တာလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ဇန်န၀ါရီ ၂၃ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“သဘောတူညီချက်အရ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေ နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ဇန်န၀ါရီ ၂၃ ရက်နေ့မှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားဝင်ဆက်သွယ်မှုလည်း ကျနော်တို့ မရရှိပါဘူး။ ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို ကျနော်တို့ ဆက်သွယ်ခဲ့ပြီး သူတို့ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ UNHCR တို့ မနေ့ကပဲ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။ မြန်မာနိုင်ငံဘက်က စီစဉ်ထားတဲ့ဖောင်ကို သူတို့ပေးပို့ခဲ့ပါတယ်။ ဖောင်ကို ဖြည့်ပြီးတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ စာရင်းကို UNHCR ကို ပေးပို့ရမှာဖြစ်ပါ တယ်။ UNHCR က စာရင်းမှာပါတဲ့သူတွေက နယ်စပ်ဖြတ်ကျော် သွားရောက်မှုရှိ မရှိစစ်ဆေးဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုပ်ဆောင်စရာအဆင့်တွေ များစွာရှိနေပါတယ်။”

မြန်မာနိုင်ငံဘက်က တောင်ပြိုလက်ဝဲနဲ့ ငါးခူရဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ပြန်လည်လက်ခံရေးအဖွဲ့တွေ ရှိနေပြီဖြစ်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို မြန်မာနိုင်ငံဘက် ပြန်လည် ပို့ဆောင်ရင်လက်ခံဖို့ နယ်စပ်မှာ အဆင်သင့် ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

ပြန်လည်လက်ခံရာမှာ ပြန်လည်လက်ခံရေးဌာနတစ်ခုမှာ တနေ့ကို နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၁၅၀ ဦးနှုန်းနဲ့   တနေ့ကို နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃၀၀ ပြန်လည်လက်ခံမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ပြန်လည်ပို့ဆောင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ လုပ်ဆောင်ဖို့ ဇန်န၀ါရီ ၂၂ ရက်ကမှ နှစ်ဘက်သဘောတူလက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013