DVB Logo
Home
Lead Story
လွိုင်ကော်ထောင်မှ ပြန်လွတ်လာသည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးနှင့် မေးမြန်းချက်
DVB
·
January 23, 2018
လွိုင်ကော်ထောင်မှ ပြန်လွတ်လာသည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးနှင့် မေးမြန်းချက်
Donate to DVB

ကေအန်ပီပီ ရဲဘော်သုံးဦးနဲ့ အရပ်သားတဦးတို့ ပစ်သတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး ကရင်နီလူငယ်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်က လွိုင်ကော်မြို့မှာ ဆန္ဒပြခဲ့ကြရာမှာ လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေကို လွိုင်ကော်မြို့နယ်တရားရုံးသို့  ပို့ဆောင်ရာမှာ နောက်ကနေ  လူစုလူဝေးနဲ့ ဦးဆောင်လိုက်ပါပို့ဆောင်တဲ့ နောက်ထပ်လူငယ် သုံးဦး ထပ်မံတရားစွဲခံရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က လွိုင်ကော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပါတယ်။

အဖမ်းခံရသူ ၃ ဦးကတော့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်သစ် လူငယ်ဗဟိုကော်မတီဝင် ခွန်းအသန်းနဲ့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်တို့ ဖြစ်ကြပြီး  ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက် ရုံးချိန်းမှာတော့ တရားသူကြီးက အမှုကို ပလပ်လိုက်တာကြောင့် ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

လွတ်မြောက်လာသူ ခွန်းဘီထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ခွန်းဘီထူးတို့ ဒီကနေ့မနက် ပြန်လွတ်လာပြီလို့ သိရပါတယ်။ ငြိမ်းစုစီဥပဒေနဲ့ အဖမ်းခံရတဲ့ ၈ ဦးထဲက ဘယ်သူတွေ လွတ်လာတာလဲ၊ လွတ်လာရတဲ့ အကြောင်းကို ပြောပြပေးပါလား။

ဖြေ - ဟုတ်ကဲ့။  ကျနော်တို့ ဒီမနက် ၉ နာရီလောက်မှာ ရုံးချိန်း ရှိပါတယ်ခင်ဗျ။ ကျနော်တို့ အမှုကတော့  ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတာပေါ့။ ကယားပြည်နယ်အစိုးရက ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုသောအားဖြင့် တရားစွဲထားတဲ့အပေါ်မှာ ပလပ်ပေးဖို့ ကြိုးစားပေးတယ်ပေါ့နော်။  ဒါကြောင့် တရားသူကြီးက လောလောဆယ် အဲဒီအမှုကို ပလပ်ပြီး ကျနော်တို့ သုံးယောက် ပြန်လွတ်လာတယ်။ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ကျနော်ရယ်၊ ခွန်းအသန်းနဲ့ ခူးတူရယ်တို့   အပြီးလွတ်လာတယ်။  ဒါပေမယ့် ၁၂ ရက်နေ့က အမိန့်ချထားတဲ့သူ ငါးယောက်။ အဲဒါကတော့ လွိုင်ကော်ထောင်မှာပဲ။ သူတို့ကို ရက် ၂၀ ချထားတာ မနက်ဖြန်မှ ပြည့်မယ်ဆိုတော့ မနက်ဖြန်မှ ပြန်လွတ်လာမယ်။

မေး - ခွန်းဘီထူးတို့ကို မလွှတ်ပေးခင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘာများ ပြောကြားခဲ့သေးလဲ။

ဖြေ   - အကြမ်းအားဖြင့်က ကျနော်တို့ တောင်းဆိုတဲ့အတိုင်းပေါ့နော်၊ အရပ်သားတဦး အပါအဝင် ကေအန်ပီပီ အဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ပေါ် မူတည်ပြီးမှ ပြည်နယ်အစိုးရဘက်က တာဝန်ရှိရှိ အမှုတွေကို သိသလောက် ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးဖို့ ကတိပြုထားတယ်။ အပြန်အလှန်အားဖြင့် ကျနော်တို့က နောက်နောင် ဆန္ဒပြမယ်ဆိုရင်လည်း ငြိမ်းစုစီပုဒ်မ ၁၉ အရ ရဲတွေကို ကြိုတင်အကြောင်းကြားဖို့ လုပ်ပေးပါဆိုတဲ့ အပြန်အလှန် သဘောတူညီမှုရပြီးမှ ကျနော်တို့ ဆန္ဒပြတဲ့ဟာကို ရပ်နားလိုက်တယ်။ နောက်ပြီးမှ ဆန္ဒပြတဲ့လူတွေ ကျနော်တို့ ၃ ဦး အပါအဝင် နောက်ထပ်တရားစွဲမယ့်သူ ၁၂ ဦးကို အားလုံး အမှုပလပ်လိုက်ဖို့ အဲလိုသဘောတူညီမှုတွေ ရခဲ့တယ်။

မေး  -  လွိုင်ကော်အကျဉ်းထောင်ထဲမှာ နေခဲ့တဲ့ သုံး လေးရက်ကာလ အတွေ့အကြုံတွေ ပြောပြပါလား။

ဖြေ - လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသား စုစုပေါင်း ၈၀၀ နီးပါးလောက် ရှိတယ်ခင်ဗျ။ အများစုက မူးယစ်ဆေးဝါးမှု၊ လူတွေက ကျပ်သိပ်နေတယ်၊ ထောင်နဲ့ လူအင်အားနဲ့ မမျှဘူး။ လုံခြုံရေးကိစ္စတွေ စိုးရိမ်စရာ ရှိတယ်။ တဖက်မှာလည်း ကျပ်သိပ်စွာနေရလို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနေအထားမှာ ရှိတယ်။ ထောင်ထဲမှာ ၁၈ နှစ်ကျော် နေနေတဲ့ နှစ်ကြီးသမားတွေ အမှုပြန်သုံးသပ်ဖို့ လိုအပ်တယ်။ ထောင်တွေရဲ့ စီမံခန့်ခွဲမှုကိုလည်း ပြန်ကြည့်ဖို့လိုတယ်၊ လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ရင် စိတ်မကောင်းစရာတွေ တွေ့ရပါတယ်။ ထောင်ထဲမှာ ကျနော်တို့ ကျပ်ကျပ်တည်းတည်း နေခဲ့ရတယ်။

မေး -  အခု ဒီလိုပြန်လွတ်လာတဲ့အပေါ်မှာ တခြား ဘာပြောလိုပါသလဲ။

ဖြေ -  အစိုးရဘက်က ဒီလို ကတိပေးတဲ့အတွက် ဝမ်းသာတယ်၊ ဒါပေမယ့် ကတိအတိုင်း အကောင်အထည်ဖော်ပေးဖို့ လိုတယ်ပေါ့နော်။ နောက်တကြိမ် မဖြစ်အောင် အစိုးရဘက်က တတ်နိုင်သလောက် တားဆီးပေးဖို့၊ ဥပဒေအတိုင်း ကိုင်တွယ်ဖို့ လိုသလို လက်ရှိအမှုကိုလည်း သူတို့ကတိအတိုင်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့လိုတယ်၊ တရားဥပဒေစိုးမိုးတယ်ဆိုတာ ကျနော်တို့ အဲလို အများသိအောင် ထုတ်ပြန်ပေးမှ၊ ကျောသား ရင်သား မခွဲခြားဘဲ အားလုံးကို အပြစ်ပေး အရေးယူနိုင်မှသာလျှင် တရားဥပဒေစိုးမိုးရေး ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အစိုးရကို ကျေးဇူးတင်သလို တဖက်ကလည်း ဆက်ပြီး စောင့်ကြည့်ဦးမယ်လို့လည်း ပြောပြချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Photo : Helen Mai 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013