DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်များကို တန်ဖိုးဖြတ်ပြီး အများပိုင်စနစ် ပြောင်းမည်
DVB
·
January 23, 2018
YBS ယာဉ်များကို တန်ဖိုးဖြတ်ပြီး အများပိုင်စနစ် ပြောင်းမည်
Donate to DVB

 

YBS ယာဉ်တွေကို တန်ဖိုးဖြတ်ပြီး အများပိုင်ထဲကို ရှယ်ယာထည့်သွင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်မြို့အတွင်း YRTA အုပ်ချုပ်မှုအောက်မှာပြေးဆွဲနေတဲ့ YBSယာဉ်အစီးရေ ၅၃၀၀ အထိရှိနေပြီး အဲဒီအထဲက အများပိုင်မဖြစ်သေးတဲ့ တစ်ဦးချင်းပိုင်ယာဉ်တွေကို အများပိုင်စနစ်ပုံစံ သွားဖို့ အစိုးရက စီစဉ်နေတာပါ။

အများပိုင်စနစ်ကိုပြောင်းဖို့အတွက် တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကို တန်ဖိုးဖြတ်တဲ့ အဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်နေပြီး ယာဉ်တန်ဖိုးဖြတ်ပြီး ငွေကြေးလျော်ပေးတဲ့စနစ် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အများပိုင်စနစ် လုပ်ဆောင်ဖို့နဲ့ပတ်သက်လို့ ဒေါက်တာမောင်အောင်က “ဒီလတော့ မဟုတ်ဘူး။ ဒီလကလည်း ကုန်ခါနီးပြီးဆိုတော့ လုပ်မှာ။ အဲဒါက ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ တန်ဖိုးဖြတ်ပြီးတော့ ကျနော်တို့က အများပိုင်ထဲကိုသွင်းမှာ။ လျှော်ပေးမှာ မဟုတ်ဘူး။ တန်ဖိုးဖြတ်ပြီးတော့ အများပိုင်ထဲကို ၀င်ခိုင်းမှာ”လို့ ပြောပါတယ်။

ယာဉ်ပိုင်ရှင်တွေဘက်ကတော့ အများပိုင်ပြောင်းတဲ့အခါ ရာဖြတ်အဖွဲ့တွေကနေ ကာလတန်ဖိုးအတိုင်းကိုသာ အစိုးရဘက်က ပေးလျှော်စေချင်တယ်လို့ ဆိုပါတယ်။

ယာဉ်ပိုင်ရှင်တွေအနေနဲ့ အရင်က အများပိုင်စနစ်လုပ်တဲ့အပေါ် အောင်မြင်မှုမရှိတာတွေ၊ လက်ရှိ အများပိုင်ကုမ္ပဏီအချို့မှာ ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့ အမြတ်အစွန်းမရဘဲ အရှုံးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အများပိုင်ထဲကို မ၀င်ချင်ဘူးလို့ ဆိုပါတယ်။

YBS နံပတ်(၄)ယာဉ်လိုင်းပိုင်ရှင် ဦးထင်အောင်ကျော်က“အများပိုင်လုပ်တော့မယ်။ ရှယ်ယာပဲပေးတော့မယ်ဆိုရင်တော့ ကျနော်တို့က ရှယ်ယာ အနေနဲ့ လက်မခံနိုင်ပါဘူး။ ငွေပေးပြီးလျှော်မယ်ဆိုရင်တော့ ကျနော်တို့လက်ခံပါမယ်။ ကာလပေါက်ဈေးပေါ့။ တန်ရာတန်ကြေးလေးပဲ ယူပြီးတော့ လုပ်ငန်းပြောင်းဖို့ပဲ ကျနော်တို့ သဘောသက်ရောက်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ၅၀၀၀ ကျော်မှာ ထက်ဝက်ကျော် လောက်ဟာ တစ်ဦးချင်းပိုင်ယာဉ်တွေနဲ့ပြေးဆွဲနေတာပါ။

အဲဒီယာဉ်တွေကို အစိုးရအနေနဲ့ ကာလတန်ဖိုးမပေးဘဲ ရှယ်ယာအဖြစ် အတင်းလုပ်ဆောင်ပါက ယာဉ်ပိုင်ရှင်တွေဘက်က ဥပဒေကြောင်းအရလုပ်သွားမယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

သတင်း - စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013