DVB Logo
Home
မြန်မာသတင်း
မြောက်ဦးပစ်ခတ်မှုတွင်ဒဏ်ရာရပြီး ဆေးကုသခံယူနေသူ ၈ ဦး ဖမ်းဆီးခံရ
DVB
·
January 23, 2018
မြောက်ဦးပစ်ခတ်မှုတွင်ဒဏ်ရာရပြီး ဆေးကုသခံယူနေသူ ၈ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ် ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရပြီး စစ်တွေ ပြည်သူ့​ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ လူနာ ၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် ဒီကနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်က ရဲအရာရှိတွေ ဆေးရုံထဲကို ရောက်ရှိလာပြီး လူနာတွေကို လက်ထိတ်ခတ် ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ လူနာရှင် ဦးကျော်ကျော်နိုင်ရဲ့ ယောက္ခမ  ဒေါ်ဦးခိုင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ မနက်ပိုင်း ၈ နာရီက ထင်တယ်။ ရဲ ၁၀ ယောက် ရှိမယ်။ သုံးပွင့်တွေရော ပါတယ်။ လာပြီးတော့ လူနာအားလုံးကို လက်ထိတ်ခတ်တယ်။ တယောက်တော့ မခတ်ဘူး။ ပြီးတော့ ဆေးရုံ အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားတယ်။ အခန်း နှစ်ခန်းခွဲပြီးတော့ ချုပ်နှောင်ထားတယ်။ တခန်းကို လေးယောက်စီ ထားပါတယ်။”

အခုလို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်တွေ အမှတ်-၁ ရဲစခန်းက ရဲအုပ် အေးခင်မောင်ကို ဒီဗွီဘီက ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က ဆက်သွယ်မေးမြန်းရာ “ ကျနော် အပြင်ရောက်နေလို့၊ အဲဒါကတော့ ကျနော်တို့ ရဲစခန်းမှာဖွင့်တဲ့ အမှုတွေ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့တော့ မသိသေးဘူးခင်ဗျ။ မြောက်ဦး ရဲစခန်း ဖုန်းဆက်ကြည့်ရင် ရမယ်ထင်တယ်” လို့ ပြောပါတယ်။

ခုလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိရဖို့ မြောက်ဦးရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့နယ်၊ နန်းတော်ရာကုန်းမှာ လုပ်မယ့် ၂၃၃ နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်း ဟောပြောပွဲကို ခွင့်မပြုတာကြောင့် ထောင်နဲ့ချီတဲ့ လူအုပ်စုနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရသလို လူစုလူဝေးရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လည်း ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွကို ဘယ်မှာ ထားတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းထန်တယ် ဆိုတာကို ပြောဆိုဖို့ ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကတော့ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ငြင်းဆိုပါတယ်။

မြောက်ဦး ပဋိပက္ခအတွင်း အရပ်သားတွေ သေဆုံးခဲ့ရမှုအတွက် အစိုးရ မဟုတ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းတောင်းဆိုထားပါတယ်။

ဇန်နဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း တွေ့ဆုံစဉ် မြောက်ဦးဖြစ်စဉ်မှာ ပါဝင်သူတွေ ဦးဆောင်သူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုသွားမယ်လို့လည်း ပြည်နယ်အစိုးရက ပြောဆိုထားပါတယ်။

သတင်း၊ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013