DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုများကို ထိရောက်စွာအရေးယူရန် တောင်တွင်းကြီးတွင် ဆန္ဒပြ
DVB
·
January 23, 2018
သက်ငယ်မုဒိမ်းမှုများကို ထိရောက်စွာအရေးယူရန် တောင်တွင်းကြီးတွင် ဆန္ဒပြ
Donate to DVB

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့လကဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်း ကြံစည်မှုနဲ့ ပတ်သက်လို့ တရားခံနဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဒေသခံတွေက ဒီမနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့က တောင်တွင်းကြီး အ.ထ.က (၁) ကျောင်းက အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူလေးကို ကျောင်းဆရာမရဲ့နေအိမ်မှာ အသက် ၅၃ နှစ်အရွယ် ခင်ပွန်းက သားမယားပြုကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ကလေးမိဘက တိုင်တန်းတာကြောင့် တရားခံ ဦးမောင်မောင်ကျော်ဟာ အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံရပါတယ်။

ဦးစိုးမင်း (ခ) စော်ဘွားကြီး ဦးဆောင်ပြီး လူ ၂၀ ခန့် ပါဝင်တဲ့ ဆန္ဒပြကြသူတွေက တရားခံကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ ဒီဖြစ်စဉ်မှာ တရားခံရဲ့ဇနီး ကျောင်းဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီးတို့ကိုပါ အလိုမရှိကြောင်း ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းအကျိုးတော်ဆောင်ဦးအောင်ဇော်မိုးက “ဒီလိုသက်ငယ်မုဒိမ်းမှုမျိုးကို ကျနော်တို့ လူအဖွဲ့အစည်းတခုမှာ ဘယ်လိုမှ လက်ခံလို့ မရဘူးလေ။ ထပ်ပြီးဆိုးတာ ပြဿနာဖြစ်လာတဲ့ အပေါ်မှာ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ ကျနော်တို့ ကျောင်းအကျိုးတော် ဆောင်အဖွဲ့တွေ မိဘဆရာအသင်းတွေနဲ့ တိုင်ပင်မှုလည်းမရှိဘဲ ပြဿနာကိုဖြေရှင်းခဲ့တာဟာ ပိုပြီးဆိုးတယ်ဗျ။”လို့ ပြောပါတယ်။

ကျောင်းတွေမှာ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲတွေလုပ်ဖို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လမ်းမှားမရောက်အောင် အသိပညာပေးဖို့နဲ့ သက်ငယ်မုဒိမ်းမှုတွေကို အသိပညာပေးဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။

ဒီအမှုကို ၂၀၁၈ ဇန်နဝါရီ ၂၅ ရက်နေ့ကျရင် မကွေးခရိုင်တရားရုံးမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ကျောင်းသူမလေးရဲ့ မိခင်ကတော့ ဒီအမှုကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး အပါအဝင် သက်ဆိုင်ရာရုံးဌာန ၁၁ ခုထံတိုင်ကြားထားပါတယ်။

သတင်း၊ ဓာတ်ပုံ- သားကြီး (​တောင်​တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013