DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး တာဝန်ပျက်ကွက်ပါက အရေးယူခံရန် အသင့်ဟု ဝန်ကြီးချုပ်ပြော
DVB
·
January 22, 2018
ရခိုင်အရေး တာဝန်ပျက်ကွက်ပါက အရေးယူခံရန် အသင့်ဟု ဝန်ကြီးချုပ်ပြော
Donate to DVB

ရခိုင်အရေးကိစ္စတွေမှာ တာဝန်ယူပျက်ကွက်တာတွေရှိခဲ့ရင် အရေးယူခံဖို့ အဆင်သင့်ပဲလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။

မြောက်ဦးမှာ အရပ်သားတွေ သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဆွေးနွေးပွဲအပြီး ပြောဆိုလိုက်တာပါ။

“ဒီကနေ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ကျနော့်အပေါ်မှာ တာဝန်ရှိပါတယ်။ ကျနော် ကြုံတိုင်းလည်းပြောပါတယ်။ တာဝန်ရှိတယ်၊ တာဝန်ယူတယ်၊ တာဝန်ခံတယ်၊ တာဝန်ကျေအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ အဲ့ဒီအတွက်နဲ့ ကတိပြုပြီးတော့ ဆောင်ရွက်သွားပါမယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ တာဝန်မကျေတာတွေ၊ ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ၊ ဒါတွေရှိ ခဲ့ရင်လည်းပဲ ကျနော်အရေးယူခံဖို့ အဆင်သင့်ပါ။ တတ်နိုင်သမျှ ကျနော့်ဘက်က ဖြေရှင်းပြီးတော့ တာဝန်ယူ ဆောင်ရွက်သွားပါမယ်။”

ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး အပါအဝင် ရခိုင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းကနေ ညနေအထိ ၃ နာရီကြာလောက် ဆွေးနွေးခဲ့ကြတာပါ။

အရပ်ဘက်အဖွဲ့အစည်းတွေက မြောက်ဦးကိစ္စသေဆုံးခဲ့တာကို အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့နယ်၊ နန်းတော်ရာကုန်းမှာလုပ်မယ့် ၂၃၃ နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်း ဟောပြောပွဲကို ခွင့်မပြုတာကြောင့် ထောင်နဲ့ချီတဲ့ လူအုပ်စုနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ခုနစ်ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာ ရသလို လူစုလူဝေးရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လည်း ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013