DVB Logo
Home
မြန်မာသတင်း
ငါးခိုးမှုဖြင့် ထောင်ချခံရသူများက မကျေနပ်၍ စခန်းမှူးအား အရေးယူပေးရန် တိုင်ကြား
DVB
·
January 22, 2018
ငါးခိုးမှုဖြင့် ထောင်ချခံရသူများက မကျေနပ်၍ စခန်းမှူးအား အရေးယူပေးရန် တိုင်ကြား
Donate to DVB

 

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အင်ပျဉ်ကုန်းကျေးရွာ ငါးကန်ထဲက ငါးခိုးမှုနဲ့ အမှုဖွင့် ထောင်ချခံရသူတွေက ဥက္ကံနယ်မြေရဲစခန်းမှ စခန်းမှူးအား မကျေနပ်တာကြောင့်  အရေးယူပေးဖို့ မြန်မာနိုင်ငံ ရဲချုပ်ဆီကို တိုင်ကြားထားတယ်လို့ ဒီဗွီကို ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူ ဦးစိုးမိုးအောင်က “ကန်ထဲကငါး ခိုးတယ်ဆိုပြီး ပုဒ်မ (၃၈၀) နဲ့ အမှုဖွင့် အင်းစိန်ထောင် ပို့ပြီး ရီမန်ယူတယ်။ ရုံးမှာ စစ်ဆေးတော့ သက်သေမခိုင်လုံလို့ အမှုဖွင့်လို့ မရဘူးဆိုပြီး အခု ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အမှုတခုကို တည်ဆောက်တော့မယ်ဆို စခန်းမှူးတယောက်အနေနဲ့ သေချာခိုင်လုံမှ လုပ်ရမှာလေ။ အခု ငါးခိုးတယ်လို့ တိုင်တဲ့သူကလည်း ငါးကန်နဲ့ ပတ်သက်မှု မရှိဘူး။ ငါးကန်နေရာက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာပါ။ ပြည်သူတွေ အရမ်းနစ်နာပါတယ်။ ဒါကြောင့် ဥက္ကံနယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်ကို မြန်မာနိုင်ငံ ရဲချုပ် အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ထားပါတယ်”လို့ ပြောပါတယ်။

တရားစွဲခံရသူ လေးဦးထဲက ကိုကျော်သန်းအေးက “အဲဒီနေ့က ကျနော်တို့ လေးယောက် မနက်ပိုင်း လှည်းနဲ့ ကိုင်းခုတ်သွားတာ။ ကန်ပေါ်ကိုလည်း မတက်ပါဘူး။ ပဲခင်းထဲတော့ လှည်းမောင်းမိတယ်။ ဒါကလည်း လှည်းလမ်းကြောင်းအတိုင်း မောင်းတာပါ။ ဒါကို သူတို့က ခဏရပ်ခိုင်းတယ်။ ရဲကိုခေါ်ပြီး ပဲခင်းထဲ လှည်းမောင်းလို့ဆိုပြီး စစ်ဆေးတယ်။ နောက်ကျတော့ ရဲစခန်းကိုခေါ်ပြီး ငါးကန်က ငါးကို ခိုးတယ်ဆိုပြီး ကျနော်တို့ကို ဖမ်းတယ်။ အင်းစိန်ထောင်ထဲမှာ ၁၄ ရက် နေခဲ့ရတယ်။ အခု ကိုးတန်းတက်နေတဲ့ ကျနော့်သားလေးဆို သူ့အဖေ ထောင်ကျတယ်ဆိုပြီး ကျောင်းမတက်တော့ဘူး။ ကျနော်တို့ ငါးကန်ပေါ်လည်း မတက်ခဲ့ဘူး။ ငါးလည်း မခိုးဘဲနဲ့ အခုလို စွပ်စွဲပြီး ထောင်ထဲပို့ခဲ့တာ။ အရမ်းနစ်နာပါတယ်”လို့ ပြောပါတယ်။

ငါးကန်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂေါ့ကျေးရွာအုပ်ချူပ်ရေးမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “အခု အခင်းဖြစ်တယ်လို့ ပြောတဲ့ ငါးကန်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာ။ ဘယ်သူမှ မပိုင်ဘူး။ ပြီးတော့ ငါးကန်က မွေးမြူရေးငါးကန် မဟုတ်ဘူး။ မိုးတွင်း ရေကြီးလို့ ဝင်လာတဲ့ ငါးတွေကို အစာကျွေးပြီး မွေးတဲ့ကန်ပါ။ အခင်းဖြစ်တဲ့နေ့က ကျနော် ရာအိမ်မှူးကို အကြောင်းကြားပြီး ပြောလို့ သိရတာ။ ရွာသားတွေ ငါးခိုးတယ် ဆိုတာလည်း မဟုတ်ဘူးလို့ သိရတယ်။ ဒါနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာ မြို့နယ်ကို စာတင်ထားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ စခန်းမှူး ရဲအုပ်သန်းနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေကြောင်း ဥက္ကံရဲစခန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမှုစစ် ဒုရဲအုပ်ဝေဖြိုးလင်းက “ရဲစခန်းကိုတိုင်တော့ ကျနော်တို့ အဖွဲ့တွေ သွားစစ်တယ်။ အဲဒီမှာ ခုတ်ထားတဲ့ ကိုင်းတွေနဲ့ ငါးထောင်ပိုက်တစ်ခုကို တွေ့တယ်။ ငါးတော့ မတွေ့ဘူး။ ပုဒ်မ (၃၈၀)နဲ့ အမှုဖွင့်တယ်။ ချုပ်ရက်ပိတ်ပြီး တရားမစွဲနိုင်သေးလို့ အခု အာမခံနဲ့ ပြန်လွှတ်ထားတယ်။ ဥပဒေအကြံတောင်းက လိုအပ်ချက်ရှိလို့ ပြန်စစ်ဆေးပေးပါ ဆိုလို့ပါ။ ဥပဒေအကြံတောင်းပြန်ကျရင်တော့ ပြန်ချပေးတဲ့ ဥပဒေပုဒ်မနဲ့ ပြန်လည်တရားစွဲ သွားမှာပါ” လို့ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ငါးခိုးမှုနဲ့ အဖမ်းခံရသူ အင်ပျဉ်ကုန်းကျေးရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၈၀) ခိုးမှုနဲ့ အမှုဖွင့်ခံရပြီး အင်းစိန်ထောင်မှာ ၁၄ ရက်ကြာ နေထိုင်ခဲ့ရပါတယ်။ သက်သေ မခိုင်လုံတာကြောင့် ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်တကြိမ် ပြန်အဖမ်းခံရမှာကို စိုးရိမ်နေကြပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဟာ လူနေထိုင်ဖို့ ဖြစ်ဖြစ်၊ ပစ္စည်းသိုလှောင်ဖို့ဖြစ်ဖြစ် အသုံးပြုတဲ့ အဆောက်အအုံ သို့မဟုတ် ရေယာဉ်တခုထဲကို မည်သူမဆို ခိုးမှုကျူးလွန်သူကို ၇ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013