DVB Logo
Home
Lead Story
ပြေးပြီးရင်း ပြေးနေရတဲ့ ဆီးရီးယားပြည်သူတွေ အရေး
DVB
·
January 22, 2018
ပြေးပြီးရင်း ပြေးနေရတဲ့ ဆီးရီးယားပြည်သူတွေ အရေး
Donate to DVB

ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ သမ္မတအာဆတ် အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ၊ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ဝင်ရောက် ခြေကုပ်ယူမှုတွေကို သမ္မတ အာဆတ်ဘက်က ဝင်ရောက်ကူညီပြီး အိုင်အက်စ်တွေကို ချေမှုန်းပေးနေတဲ့ နိုင်ငံခြားတပ်တွေအကြား စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအကြောင်းကတော့ နိုင်ငံတကာရေးရာ စိတ်ဝင်စားကြတဲ့ စာဖတ်ပရိသတ်တွေ သိနှင့်နေပါပြီ။

တခါ သမ္မတ အာဆတ် အစိုးရတပ်တွေကို အကူအညီပေးနေတဲ့ ရုရှားနဲ့ အီရန်နဲ့ ဆွန်နီအများစုဖြစ်တဲ့ အာဏာရှင် အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သူပုန်တပ်တွေကို အကူအညီပေးနေတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် တူရကီ၊ ဆော်ဒီအာရေးဗျ၊ ဂျော်ဒန်နဲ့ ကာတာ စတဲ့ နိုင်ငံတွေနဲ့ ပဋိပက္ခတွေကြားက သာမန် အရပ်သား ပြည်သူတွေရဲ့ ဒုက္ခတွေဖြစ်တဲ့ မြို့ကို ပိတ်ဝိုင်းထားလို့ စားစရာ သောက်စရာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးပြတ်လပ်လို့ သေဆုံးခဲ့ကြရတာ၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ သေဆုံး ဒဏ်ရာရကြရတာတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ် ဆိုတာကိုလည်း တွေ့မြင်ဖတ်ရှုခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ ဆီးရီးယားသမ္မတ အာဆတ် ဖြုတ်ချရေးအတွက် အတိုက်အခံတွေရဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လက စခဲ့တဲ့ တော်လှန်ရေးကနေ နောက်ပိုင်း တကယ့်ပြည်တွင်းစစ်မီး ဆက်တိုက် လောင်ကျွမ်းခဲ့တာဟာ ခုဆို ၂၀၁၈ နှစ်ထဲ ရောက်လာပြီးဖြစ်လို့ ၆ နှစ်ကျော်လာခဲ့ပြီ ဖြစ်တဲ့အတွက် စစ်ပွဲပဋိပက္ခကြားမှာ ရောက်နေတဲ့ ဆီးရီးယား ပြည်သူလူထုတွေရဲ့ ဒုက္ခကလည်း ဘယ်လောက်ဆိုးဝါးမလဲဆိုတာကို ဆိုးဝါးတဲ့ ပြည်တွင်းစစ်ဒဏ်ကို အနှစ် ၇၀ လောက် ခံစားခဲ့ကြရတဲ့ ကျနော်တို့နိုင်ငံက ပြည်သူတွေ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေအဖို့ ပိုပြီး အလွယ်တကူ နားလည်စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။

အခု ဆီးရီးယားသမ္မတ အာဆတ်ရဲ့ အတိုက်အခံ သူပုန်တွေအပေါ် အပြင်းအထန် ထိုးစစ်ပြန်စတိုက်ခိုက်မှုအတွက် လေ့လာအကဲခတ်သူတွေက လူသားတွေအတွက် ကပ်ဘေးသင့်မှုတခု ပြန်ပြီး ကြုံတွေ့ကြရဦးတော့မယ် ဆိုတဲ့ အကြောက်တရား ဆီးရီးယား ပြည်သူတွေကြားမှာ ပြန်ပြီးမြင့်တက်လာနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဆိုအရ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်သူလူထု ၉၀၀၀၀ ဒီစစ်မီးကြောင့် သေဆုံးခဲ့ရပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ အရောက်မှာတော့ သေဆုံးမှုဟာ ၂၅၀၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခအတွင်း လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှုနဲ့ လက်စဖျောက် ပျောက်ဆုံးမှုတွေကိုလည်း ပဋိပက္ခအတွင်း ပါဝင်ခဲ့တဲ့ အုပ်စုအသီးသီးက ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတွေက ပြဆိုခဲ့ပါတယ်။

အလွန်ကြောက်စရာ စိုးရိမ်စရာ အဖြစ်မျိုးတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ ကူညီတိုက်ခိုက်ပေးမှုနဲ့ အထောက်အပံ့တွေကြောင့် အာဆတ်အစိုးရဟာ အတိုက်အခံ သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့နဲ့ ဒေသ အတော်များများကို ပြန်လည်တိုက်ထုတ် သိမ်းပိုက်နိုင်ခဲ့သလို နိုင်ငံအတွင်း ခြေကုပ်ယူလာတဲ့ အိုင်အက်စ် တပ်ဖွဲ့တွေကိုလည်း အတော်နှိမ်နှင်း ဖယ်ရှားနိုင်ခဲ့တာ တွေ့ရပါတယ်။

အားယူလိုက်၊ ပြန်တိုက်လိုက်၊ ရပ်လိုက်နားလိုက် ဆီးရီးယား ပြည်တွင်းစစ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဆီးရီးယား အစိုးရတပ်တွေက သူပုန်တွေရဲ့ နောက်ဆုံး အခိုင်အမာ တပ်စွဲထားတဲ့ အိုက်ဒလစ်ဘ်ပြည်နယ်တောင်ပိုင်း ဒေသကို ၃ နှစ်လောက် အကြာမှာ ပထမဆုံး မြေပြင်ထိုးစစ်ဆင်လာပြန်တဲ့အတွက် စစ်မီး ပြန်တောက်လာခဲ့တဲ့အပေါ် တူရကီ နိုင်ငံရေးသမားတွေက တောင်ပိုင်း နယ်စပ်ဒေသတွေမှာ စစ်ဆင်တိုက်ခိုက်မှုတွေ ပြန်ပြင်းထန်လာတဲ့အတွက် အစုအပြုံလိုက် ရွှေ့ပြောင်းလာမှုတွေ ဖြစ်ပေါ်လာတော့မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ ခုဆို အသက်ဘေးက တိမ်းရှောင် ထွက်ပြေးလာသူတွေဟာ လူတွေနဲ့ ကျပ်တောင့်နေပြီ ဖြစ်တဲ့ အိုက်ဒလစ်ဘ်မြို့နဲ့ မြို့အလွန်ဒေသတွေအထိ အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံနေကြပြီ ဖြစ်ပါတယ်။

သတင်းသမားတွေက တူရကီနယ်စပ်အနီးက အိုက်ဒလစ်ဘ်ပြည်နယ် ကျေးလက်ဒေသတွေမှာ စခန်းချ ခိုလှုံနေကြတဲ့ ရာပေါင်းများစွာရှိတဲ့ စစ်ပြေး ရွှေ့ပြောင်းဒုက္ခသည်တွေကို တွေ့မြင်နေရတယ်လို့ ထုတ်ဖော် ပြောဆိုကြပါတယ်။ သတင်းထောက်တွေကို စစ်ရှောင်ဒုက္ခသည် အဘိုးကြီးတယောက်က “ကျနော်တို့ကို အိုက်ဒလစ်ဘ်ပြည်နယ်ကတော့ လုံခြုံတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ခုတော့ ဆီးရီးယားနိုင်ငံမှာ ဘယ်နေရာမှ လုံခြုံစိတ်ချရတယ်ဆိုတာ မရှိတော့ပါဘူး” လို့ အော်ဟစ် ပြောဆိုခဲ့တယ်လို့ သတင်းသမားတွေက ပြန်ပြောပြခဲ့ပါတယ်။

နောက် မိသားစုဝင် ၁၁ ယောက်ရှိတဲ့ မိသားစုတစုကလည်း သူတို့မိသားစုရဲ့ အိမ်ရှိတဲ့ မာရတ်အယ်လ်နူမန်ကို ဗုံးတွေ ကြဲချခဲ့လို့ သူတို့မိသားစုဟာ ပထမ အိုက်ဒလစ်ဘ်မြို့ကို အဝတ်အစားနဲ့ တခြား အသုံးအဆောင် နည်းနည်းကိုပဲ ယူဆောင်ထွက်ပြေးခဲ့ကြပေမယ့် ပြေးလွှားရတာတွေ များလာတဲ့အချိန်မှာတော့ သူတို့ စုဆောင်း သယ်ဆောင်လာခဲ့တဲ့ အဲဒီပိုင်ဆိုင်မှု အနည်းအကျဉ်းလေးတွေတောင် သူတို့ အရမ်းပင်ပန်းလွန်းလို့ ကုန်အောင် စားသုံးပစ်ခဲ့ရတယ်လို့ သတင်းသမားတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးဖြစ်တဲ့ ဟာ့စနာ အယ်လ်ဒါဟာကတော့ သူ့ယောက်ျား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားပြီးတဲ့အချိန်မှာ သူ့မှာ အသက် ၅ လသား ကလေးလေး အပါအဝင် ကလေးငယ် ၃ ယောက် ကျန်ခဲ့ပြီး လက်လွတ်ကိုယ်ကျွတ် ထွက်ပြေးခဲ့ရတဲ့ အကြောင်း ပြန်ပြောပြခဲ့ပါတယ်။

သူက “ကျမ အိမ်ကိုပဲ ပြန်ချင်ပါတယ်။ အိမ်ပျက်သွားပေမယ့်လည်း ကျမ ဂရုမစိုက်ပါဘူး။ ဗုံးကြဲ တိုက်ခိုက်တာတွေသာ ရပ်သွားမယ်ဆိုရင် ကျမ ပြန်ပြီး အိမ်ဆောက်ဖို့ ကြိုးစားမယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

တူရကီ လခြမ်းနီအဖွဲ့ကတော့ ထွက်ပြေးစုဝေး ရောက်ရှိလာပြီးဖြစ်တဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို နေရာချထားပေးဖို့ ဘက်အယ်လ်ဟာဝါ နယ်စပ်ဂိတ်အနား ဆီးရီးယား နယ်မြေထဲမှာ ဒုက္ခသည်စခန်းအသစ် ၂ ခုကို တည်ဆောက်ပေးနေပါတယ်။

တကယ်တော့ တူရကီ၊ ရုရှားနဲ့ အီရန်နိုင်ငံတို့က နှောင်းပိုင်းလတွေမှာ ဆိုချီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားဆွေးနွေးပွဲတွေမတိုင်ခင် အကြမ်းဖက် တိုက်ခိုက်မှုတွေကို တဖြည်းဖြည်း လျှော့ချပေးထားဖို့ စီစဉ်ထားတဲ့နေရာ ဖြစ်ပါတယ်။

အထက်မှာ ကျနော် တင်ပြခဲ့တဲ့အတိုင်း သမ္မတအာဆတ် အစိုးရဟာ ရုရှားနဲ့ အီရန်နိုင်ငံတွေဆီကနေ စဉ်ဆက်မပြတ် ထောက်ပံ့မှုတွေ ရရှိခဲ့တဲ့အတွက် အထူးသဖြင့် အတိုက်အခံ သူပုန်တွေကို စစ်ရေးအရ အောင်မြင်မှုတွေ တသီတတန်း ရရှိလာခဲ့ပါတယ်။

အာဆတ်အစိုးရ ခုလုပ်နေတာကတော့ စီစဉ်ထားတဲ့ အဲဒီ အမျိုးသားငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် သူ့ရဲ့ စစ်ရေးနဲ့ နယ်မြေထိန်းချုပ်မှု အနေအထားကို အားကောင်းကောင်းနဲ့ ဖြည့်တင်းထားဖို့၊ အသာစီးယူနိုင်ဖို့ ဒီ အိုက်ဒလစ်ဘ်ပြည်နယ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ အတိုက်အခံဘက်က ယူဆကြပါတယ်။

ဒီသုံးသပ်မှုကလည်း မှန်လောက်ပါတယ်။ ခုချိန်ထိ နိုင်ငံအတော်များများက သမ္မတအာဆတ်ကို ရာထူးကဆင်းပေးဖို့ အမျိုးမျိုး တိုက်တွန်းပြောဆို ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အားကိုးရာရှာပြီး သူ့ရဲ့ သမ္မတသက်တမ်းကို အသက်ရှည်သမျှ တိုးချဲ့ပြီး နိုင်ငံကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတာလည်း ရှင်းပါတယ်။

ဒါကြောင့်လည်း ကနေ့အထိ အာဏာနဲ့ စည်းစိမ်ဥစ္စာအတွက် သူ့ပြည်သူလူထု အားလုံးကို ဒုက္ခတွင်းထဲ တွန်းပို့၊ အသက်တွေကို စတေးပြီး ကျားကုတ်ကျားခဲ ကြိုးစားနေတာကို မြင်သာထင်ရှားတွေ့နေရပါတယ်။

တကယ်တော့ သူ့ဖခင် သမ္မတ ဟာဖက်ဇ်အာဆတ် သမ္မတသက်တမ်း ၂၉ နှစ်မှာ သေဆုံးသွားခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ ခုနှစ် ဇွန်လ ၁၀ ရက်မတိုင်ခင်ကတည်းက ဆီးရီးယားနိုင်ငံကို အုပ်ချုပ်ဖို့ ဖခင် သမ္မတက ရွေးချယ်ထားပြီး ဖြစ်တဲ့အတွက် သက္ကရာဇ် ၂၀၀၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ သမ္မတတာဝန်ကို စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆတ်မျိုးဆက် သမ္မတသက်တမ်းဟာ သူ့ဖခင်က ၂၉ နှစ်၊ သူက ခုထိ သမ္မတရာထူး ယူထားဆဲဖြစ်လို့ ၁၈ နှစ်၊ စုစုပေါင်း ၄၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတခုကို သမ္မတအဖြစ် နှစ်ပေါင်း ၄၇ ကြာတဲ့အထိ ထင်တိုင်းအုပ်ချုပ်လို့ရလာအောင် စနစ်တကျ အာဏာကို မတရားဖိနှိပ် ထိန်းသိမ်းထားခဲ့လို့ပဲ ဖြစ်ပါတယ်။ အလွန်စက်ဆုပ်ရွံရှာစရာ မျိုးဆက်ချီ အာဏာရှင်စနစ် အုပ်ချုပ်ရေးလို့ ပြောမှာပါပဲ။

ကျနော်ကတော့ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်နဲ့ အာဏာရှင်သမ္မတ အာဆတ်ရဲ့ အကြောင်း၊ အတိုက်အခံတွေရဲ့ တော်လှန်ဆန့်ကျင် တိုက်ခိုက်မှုတွေအကြောင်း ရေးနေရင်းနဲ့ အာဏာရှင် ဗိုလ်နေဝင်းလက်ထက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ လက်ဆင့်ကမ်း အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ဆိုသူတွေရဲ့ ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေကို ပြန်ပြီး သတိရနေ၊ အံ့သြဒေါသ ဖြစ်နေမိသလို ကချင်၊ ရှမ်း၊ တအာင်းနဲ့ ရခိုင်ပြည်နယ်က ရခိုင်နဲ့ ရိုဟင်ဂျာ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ သတင်းဓာတ်ပုံတွေ သတင်းဗွီဒီယိုတွေကို စဉ်ဆက်မပြတ် မြင်ယောင်နေမိ ကိုယ်ချင်းစာနာစိတ်နဲ့အတူ နှိုင်းယှဉ် ကြေကွဲဒေါသ ဖြစ်မိရတယ်လို့ပဲ။    ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013