DVB Logo
Home
မြန်မာသတင်း
ထောင်တွင်း အကျဉ်းသားများပြည့်ကျပ်နေ၍ လွတ်ငြိမ်းခွင့်ပေးရန် သမ္မတထံ စာတင်
DVB
·
January 21, 2018
ထောင်တွင်း အကျဉ်းသားများပြည့်ကျပ်နေ၍ လွတ်ငြိမ်းခွင့်ပေးရန် သမ္မတထံ စာတင်
1 / 2
Donate to DVB

 

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ပြည့်ကျပ်နေတာကြောင့် သမ္မတအနေနဲ့ စိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက် စာတမ်းရေးသားပေးပို့ထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ထောင်ပေါင်း ၂၆ ထောင်ကို အကြိမ် ၃၀ သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို စာတမ်းပြုစုခဲ့တာပါ။

အဲဒီထောင်တွေရဲ့ အကျဉ်းသားလက်ခံနိုင်တာက အယောက် ၃၁၀၀၀ ကျော်ပဲ ဖြစ်ပေမယ့် လက်ရှိမှာ ၅ သောင်းကျော်ရှိနေတာကြောင့် ၂ ဆ လောက်ပိုများနေတာပါ။

ဦးယုလွင်အောင်က “အိပ်ဖို့နေရာ တော်တော်ကျပ်တည်းဖြစ်နေတယ်။ နိုင်ငံတော်ဘဏ္ဍာလည်း ပိုပြီး ပြုန်းတီးနေတာပေါ့ဗျာ။ သူတို့ကို ကျွေးစရိတ်၊ မွေးစရိတ်တွေ ကုန်နေတာပေါ့။ ဝန်ထမ်းတွေမှာလည်း မျက်ကလဲဆန်ပြာဖြစ်နေတာပေါ့။ ဝန်ထမ်းကနည်းနည်း ထောင်သားက များများဆိုတော့ သူတို့ ဒုက္ခရောက်နေတာပေါ့ဗျာ” လို့ ပြောပါတယ်။

အာမခံပေးဖို့ရပေမယ့် မပေးပဲ ချုပ်ထားခံရတဲ့သူတွေကိုလည်း အများကြီးတွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရှိနေသူ ၅ သောင်းကျော်မှာ အချုပ်သားက ၁၁၀၀၀ လောက် ရှိနေတာပါ။ ပြီးတော့ အကျဉ်းသား၊ အချုပ်သားတွေရဲ့ ထက်ဝက်နီးပါးက မူးယစ်ဆေးဝါး အမှုတွေ ဖြစ်ပါတယ်။

“ဇလုတ်တိုက်ပြီး လွှတ်ပေးဖို့ မဟုတ်ဘူး။ ကဏ္ဍအလိုက် စိစစ်ပြီး လွှတ်ဖို့ အကြံပေးတာပါ။ မော်တော်ကား တစီးတိုက်မိတာလား၊ အပြား ၁ သောင်းမိတာလား၊ အပြား ၁ ထောင်မိတာလား၊ ၃ ပြားမိတာလား ဒီလိုလေး ပြန်ခွဲခြားဖို့ လိုတာပေါ့ဗျာ။ သုံးပြားမိတဲ့သူကိုလည်း ထောင် ၁၀ နှစ်၊ အပြား ၁ သောင်းမိတဲ့သူကိုလည်း ထောင် ၁၀ နှစ်ဆိုရင်တော့ သုံးပြားမိတဲ့သူကို ပြန်လည် စိစစ်ပြီးတော့ သူ့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမယ်ဆိုရင် အကျဉ်းသားလျော့သွားမှာပေါ့” လို့ ဦးယုလွင်အောင်က ပြောပါတယ်။

အကြံပြုစာတမ်းထဲမှာ ကလေးသူငယ်တွေကိုလည်း ထောင်ထဲကိုခေါ်ထားရတဲ့ အကျဉ်းသူတွေကို ပြစ်ဒဏ်ကျရက်ကို လျှော့ပေါ့ပေးဖို့၊ သက်ကြီးရွယ်အို အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ဖော်ပြထားပါတယ်။

ဦးယုလွင်အောင်က “တချို့ကတော့ အိပ်ရာပေါ်မှာ ပက်လက်ကြီးလန်ပြီးတော့ နာတာရှည် ဆေးကုသမှုခံနေရတာ။ ဘာလုပ်ဖို့ ထောင်ထဲမှာ ထားတော့မှာလဲ။ အပြင်ထုတ်လိုက်လို့ရှိရင် ပြီးတာပဲလေ။ ထောင်ထဲမှာ တအားကျပ်နေတော့ ဘယ်လိုမှ မသင့်တော်တော့ဘူး၊ ကျန်းမာရေး အမြင်အရရော” လို့ ပြောပါတယ်။

ဒီအကြံပြုချက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပေးပို့ခဲ့တာ ဖြစ်ပြီး လာမယ့် တပတ်လောက်မှာ အကြောင်းထူးမယ်လို့လည်း သူက မျှော်လင့်ပါတယ်။ ဒီလိုအခြေအနေတွေကို သက်ဆိုင်ရာ လူကြီးတွေကို တင်ပြတာ အရင်က မရှိခဲ့ဖူးဘူးလို့လည်း ထင်ကြောင်းနဲ့ အခုလို အချက်အလက်တွေကို စိတ်ပူကြမယ်လို့ထင်ကြောင်လည်း ဦးယုလွင်အောင်က ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ထောင်ပေါင်း ၄၈ ခုလောက်နဲ့ အလုပ်စခန်း ၆၀ လောက်ရှိပြီး အကျဉ်းသားဦးရေ ၉ သောင်း ဝန်းကျင်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013