DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေး အုပ်စုဖွဲ့ရိုက်နှက်ခံရ
DVB
·
January 21, 2018
ကနီမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေး အုပ်စုဖွဲ့ရိုက်နှက်ခံရ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ငုတ်ချောင်းကျေးရွာမှာ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက အုမ္မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စာရေးတို့နှစ်ဦးက ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကိုယ်ရေးအချက်အလက် သွားကောက်ယူတာကနေ အပြန်မှာ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

“ကျနော်ရယ်၊ ရပ်ကျေးစာရေး ကိုသိန်းဦးရယ် ဆိုင်ကယ်နဲ့ ၂ ယောက်တစ်စီး ငုတ်ချောင်းရွာ ကို ဒီ ၁၈ ရက်နေ့ နေ့လယ်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရဲ့ ကိုယ်ရေးအချက်အလက်ကောက်ဖို့ သွားတာ။ ညနေ ၃ နာရီခွဲလောက်မှာ အပြန်မှာ လူ ၄၊ ၅၊ ၆ ယောက်လောက်က ချိန်းကြိုးတွေနဲ့ ရိုက်၊ လက်သီးနဲ့ဝိုင်းထိုးတာတွေလုပ်တာ။ ဘာကြောင့် အဲလိုလုပ်ရတယ်ဆိုတာတော့ အတိအကျ မသိဘူး။ ကျနော်ထင်တာတော့ အုပ်ချုပ်ရေးမှူးရွေးတဲ့အခါမှာ သူတို့ရွာက ဒုတိယမဲအများဆုံး ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပထမလူက မလုပ်နိုင်ရင် ဒုတိယလူက ရမှာဆိုတော့ အဲလိုလည်း ခန့်မှန်းတယ်” လို့ အရိုက်ခံခဲ့ရတဲ့ အုမ္မကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းဦးချစ်က ဒီဗွီဘီကိုပြောပါတယ်။

အုမ္မကျေးရွာနှင့် ငုတ်ချောင်းကျေးရွာက ၂ မိုင်ခန့်ဝေးကွာပါတယ်။ လူတစ်စုက ဝိုင်းရိုက်တာကြောင့် အုပ်ချုပ်ရေးမှူး ဦးနန်းဦးချစ်ရဲ့ ဘယ်ဘက်နဖူးမှာ ချိန်းကြိုးဒဏ်ကြောင့် ၉ ချက်ချုပ်ထားပြီး အတူပါလာတဲ့ ရပ်ကျေးစာရေး ဦးသိန်းဦးမှာတော့ ဘယ်ဖက်မျက်လုံး ညိုမဲ ဖူးယောင်ဒဏ်ရာနှင့် အခြားပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝက်မနားရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ဒီနေ့အထိ တရားခံဖမ်းဆီးတာ မရှိသေးဘူးလို့ဆိုပါတယ်။

ကနီမြို့နယ်မှာ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ၊ မဲရလဒ်တွေ တူနေလို့ ၁၄ ကြိမ်အထိ ရွေးချယ်ရတဲ့အနေအထားတွေ၊ တစ်မဲမှမပေးရဘဲ အုပ်ချုပ်ရေးမှူး ဖြစ်ရတာတွေ စတဲ့ ထူးခြားမှုတွေလည်းရှိနေပါတယ်။

“ဒီလိုဖြစ်ရတာက အဓိကကတော့ ဥပဒေ၊ နည်းဥပဒေရဲ့ အားနည်းချက်ပဲ။ တိတိကျကျ ပြဋ္ဌာန်းမထားတဲ့အတွက် ပြဿနာတွေဖြစ်ရတာ။ ဥပဒေက ရိုးရှင်းလွယ်ကူတဲ့ဥပဒေ မဟုတ်ဘူး။ ဘောလုံးပွဲလို ခြေစစ်ပွဲအောင်မှာ ဖိုင်နယ်ရောက်တာလိုဖြစ်နေတယ်။ ဥပမာ ဆယ်အိမ်ခေါင်း မဲပေးရွေးရတယ်။ ဆယ်အိမ်ခေါင်းဖြစ်မှ ရာအိမ်ခေါင်းဖြစ်မှာ။ ဆယ်အိမ်ခေါင်းဖြစ်ရေး ပထမစ ပြဿနာဖြစ်တယ်။ နောက် ရာအိမ်မှူးဖြစ်ရေး ဒုတိယပြဿနာဖြစ်တယ်။ နောက်ပြီး ကျနော်တို့က နီမြို့နယ်က ဇီးပင်တွင်းအုပ်စု၊ သမင်ခြံအုပ်စုတို့ဆိုရင် တစ်မဲမှမပေးရဘဲ၊ ဘယ်သူနဲ့မှမပြိုင်ရဘဲ အုပ်ချုပ်ရေးမှူးတန်းဖြစ်သွားတာ။ မုဌောရွာမှာဆိုရင် ဆယ်အိမ်မှူးအတွက် ၁၁ ကြိမ်အထိ မဲတူတယ်။ နောက်၃ ကြိမ်ထပ်ရွေးတယ်။ ထပ်တူတယ်။ နောက်ဆုံး ၅ ဦးကော်မတီ အဆုံးအဖြတ်နဲ့ လုပ်ရတဲ့ရွာလည်းရှိတယ်”လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

လက်ရှိအနေအထားမှာတော့ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဥပဒေရဲ့ အားနည်းချက်တွေကြောင့် ကနီအပြင် အချို့မြို့နယ်တွေမှာလည်း ပြဿနာတွေလည်း ကြုံတွေ့ နေပါတယ်။

အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အချိန်မီအမှုဖွင့်တိုင်တန်းထားပေမယ့် ရဲတပ်ဖွဲ့က ၂ ရက်ကြာတဲ့အထိ တရားခံ မဖမ်းဆီးသေးတဲ့အပေါ်မှာလည်း အားမရသလို ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း အရိုက်ခံခဲ့ရတဲ့ အုမ္မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးနန်းဦးချစ်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013