DVB Logo
Home
မြန်မာသတင်း
အငှားယာဉ်မောင်းအား သတ်ပြီး တိမ်းရှောင်နေသူကို ဖမ်းမိ
DVB
·
January 20, 2018
အငှားယာဉ်မောင်းအား သတ်ပြီး တိမ်းရှောင်နေသူကို ဖမ်းမိ
Donate to DVB

အင်းစိန်မြို့နယ်၊ စိုက်ပျိုးရေးဝန်းရှေ့မှာ အငှားယာဉ်မောင်းအား သတ်ပြီး ထွက်ပြေးနေတဲ့ ပြစ်မှုကျူးလွန်သူ တရားခံကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီလောက်က အငှားယာဉ် တိုယိုတာကိုရိုလာဘင် ယာဉ်မောင်း ဦးထွန်းထွန်းလင်းကို အင်းစိန်လမ်းမ စိုက်ပျိုးရေးဝန်းရှေ့မှာ ဓားဒဏ်ရာတွေနဲ့ တွေ့ရပြီးနောက် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။။

အမှုနဲ့ ပတ်သက်ပြိး ဇနီးဖြစ်သူ ဒေါ်နိုင်နိုင်လွင်က အင်းစိန် အင်းစိန်မြို့မရဲစခန်းကို တိုင်ကြားခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်အား စစ်ဆေးရာ မော်တော်ယာဉ်ပေါ်မှာ ဂျပန်ဖိနပ် အဖြူရောင် ၁ ရံ၊ ကတ္တီပါဖိနပ်နက်ပြာရောင် ၁ ရံနဲ့ Bosch  အမျိုးအစား အမျိုးသားပတ် နာရီ ၁ လုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သက်သေခံပစ္စည်းတွေနဲ့ သေဆုံးသူရဲ့ဇနီး ထွက်ဆိုချက်အရ ဂျပန်ဖိနပ်မှာ ခင်ပွန်းဖြစ်သူရဲ့ဖိနပ်ဖြစ်ကြောင်း၊ ကတ္တီပါဖိနပ်နဲ့ နာရီမှာ ခင်ပွန်းဖြစ်သူရဲ့ ပစ္စည်းတွေ မဟုတ်ကြောင်းနဲ့ သေဆုံးသူ ကိုင်ဆောင်တဲ့ SAMSUNG အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အထူးအမှုစစ်အဖွဲ့က အငှားယာဉ်ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတလျှောက်ရှိ CCTV မှတ်တမ်းတွေနဲ့ အခင်းဖြစ်စဉ်က  မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်သူရဲ့ ပုံသဏ္ဌာန်ကို သိရှိခဲ့ကာ လိုက်လံ စုံစမ်းခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာနေ ကိုကိုနိုင် (ခ) ကိုနိုင်ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ကိုကိုနိုင်ကို ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၁ နာရီကျော်မှာ မရမ်းကုန်းမြို့နယ်၊ ယင်းမာလမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်။

ထွက်ဆိုချက်အရ အခင်းဖြစ်ည ၈ နာရီကျော် အချိန်လောက်မှာ ညောင်တုန်းလမ်းပေါ်ရှိ  DANKO ဓာတ်ဆီဆိုင်ရှေ့မှာ အငှားယာဉ်ကို ၄၀၀၀ ကျပ်နဲ့ ငှားရမ်းလိုက်ပါခဲ့ကြောင်း၊ သမိုင်းလမ်းဆုံ မီးပ္ပိုင့် ကျော်သွားခဲ့လို့ လမ်းကျော်သွားကြောင်း ပြောရာမှ အဆင်မပြေဖြစ်ပြီး ကားပေါ်မှာ နှစ်ယောက် လုံးထွေး သတ်ပုတ်ခဲ့ကြတယ်။

ဒီနောက် အသင့်ပါလာတဲ့ ဓားနဲ့ အငှားယာဉ်မောင်းအား ထိုးခဲ့ကြောင်း၊ လုံးထွေးသတ်ပုတ်နေစဉ် ကာားတံခါးပွင့်သွားကာ အငှားယာဉ်မောင်း အောက်ကို ပြုတ်ကျသွားပြီးနောက် သူလည်း ထွက်ပြေးခဲ့တယ်။

သူပတ်ထားတဲ့ Bosch အမျိုးအစားလက်ပတ်နာရီနဲ့ ကတ္တီပါဖိနပ်တို့မှာ အခင်းဖြစ်ယာဉ်ပေါ် ကျကျန်ခဲ့ကြောင်း၊ နောက်မှလူအုပ်ကြီး လိုက်လာလို့ ဓားမြှောင်နဲ့ ဓားအိမ်ကို လမ်းမှာ လွှင့်ပစ်ခဲ့ကြောင်း၊ အငှားယာဉ်မောင်းရဲ့ SAMSUNG ဖုန်းအဖြူရောင်ကို ယူလာခဲ့ကြောင်း  ထွက်ဆိုခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013