DVB Logo
Home
မြန်မာသတင်း
ရွှေသန့်စင်စက်ရုံက ရေဆိုးထုတ်သည့်ကိစ္စ ကုမ္ပဏီနှင့်ဒေသခံ ပြေလည်မှုရရှိ
DVB
·
January 20, 2018
ရွှေသန့်စင်စက်ရုံက ရေဆိုးထုတ်သည့်ကိစ္စ ကုမ္ပဏီနှင့်ဒေသခံ ပြေလည်မှုရရှိ
Donate to DVB

ရွှေသန့်စင်စက်ရုံက အနီရောင် ရေဆိုးတွေ ထုတ်လွှတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ ဒေသခံတွေ ဆွေးနွေးရာမှာ ပြေလည်မှု ရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ထာဝရကုမ္ပဏီပိုင် ကျောက်ပုထိုးရွှေသန့်စင်စက်ရုံက စင်လင်ချောင်းထဲကို အနီရောင်ရေဆိုးတွေ ထုတ်လွှတ်ခဲ့လို့ ဒေသခံတွေက ကုမ္ပဏီကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ ကောလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ရှမ်းကုန်းကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြေလည်မှုရရှိခဲ့ကြပါတယ်။

“အန်တီတို့က ဒေသခံတွေအကြောင်းကြားတာနဲ့ ကွင်းဆင်းကြည့်တယ်။ ကုမ္ပဏီက ထုတ်တဲ့ရေက ချောင်းထဲရေခံရှိတာကို ရေနီနေတာကို တွေ့တယ်။ ဒါနဲ့ ဒေသခံတွေကို စက်ရုံတာဝန်ရှိသူတွေကော ခေါ်ပြီး တွေ့ဆုံတယ်။ ဒေသခံတွေကလည်း သူတို့ဖြစ်ချင်တဲ့ အတိုင်းအတာကို တင်ပြတယ်။ စက်ရုံကလည်း သူတို့ ဒီရေဆိုးတွေ လွှတ်တယ်ဆိုတာကို မငြင်းဘူး။ ဟုတ်တယ်ဆိုတာကို ပြောတယ်။ သူတို့အနေနဲ့ လိုအပ်တာတွေကို အကုန်လုပ်ပေးမယ်။ တောင်သူတွေက သီးနှံတွေအတွက် ရေကတင်ရတော့မှာ။ ရေကလည်း နီနေတယ်။ ငါးတွေလည်းသေနေတယ်ဆိုတော့ ဒီရေကို စိုက်ခင်းတွေထဲကို မတင်ရဲကြဘူး။ ကုမ္ပဏီကတော့ ဒီရေကိုပြန်ပြီး သန့်စင်ပေးပါမယ်လို့ပြောတယ်။ ဒီမနက်ကြတော့ ဒေသခံတွေ၊ ကုမ္ပဏီတွေနဲ့ ချောင်းတစ်လျှောက် ၁၂ နေရာမှာ ရေသန့်စင်ဖို့ စမ်းသပ်တယ်လို့ သတင်းပို့တယ်။ မနက်ဖြန်မှာလည်း သက်ဆိုင်ရာတွေက ရွှေတွင်းကို သွားရောက်စစ်ဆေးမယ်လို့သိရတယ်” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ဒီဗွီဘီကိုပြောပါတယ်။

စင်လင်ချောင်းကို အမှီပြုပြီး လယ်ယာလုပ်ကိုင်ကြတာ အနည်းဆုံးဧက ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

အခုဖြစ်တဲ့ နေရာကတော့ ရှမ်းကုန်း၊ မကျည်းကုန်း၊ စိန်ပန်းကုန်းရွာတွေဖြစ်ပြီး လယ်ယာတွေမှာ ဆောင်းသီးနှံတွေဖြစ်တဲ့ နေကြာ၊ ကုလားပဲ၊ မုန်ညင်း၊ ကန့်လန့်ဆံစတဲ့ သီးနှံတွေကို စိုက်ပျိုးထားကြတာပါ။

လက်ရှိအချိန်က စိုက်ခင်းတွေကို ရေသွင်းရမယ့် အချိန်ရောက်နေပေမယ့် ချောင်းရေက မသန့်ရှင်းတဲ့ အတွက်ကြောင့် ရေမတင်ရဲဘဲဖြစ်နေကြပါတယ်။

ချောင်းထဲက ငါးတွေပါ သေနေတဲ့အတွက် စိုက်ခင်းတွေတင်မကဘဲ ကျွဲ၊ နွားတွေကိုလည်း ချောင်းရေမတိုက်ရဲတဲ့အတွက် တွင်းရေတွေ ခပ်တိုက်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“လောလောဆယ်တော့ စိုက်ခင်းတွေ၊ လူနှင့် တိရစ္ဆာန်တွေမှာ ထိခိုက်ပျက်စီးတာတော့ မရှိဘူး။ ရေနီရေဆိုးတွေမှန်း သိနေကြတော့ အသုံးမပြုတော့ဘူးပေါ့။ မနေ့ကစက်ရုံမှူးလာတယ်။ ရေတွေကို သန့်ရှင်းအောင်လုပ်ပေးမယ်ပေါ့။ သုံးလို့ရတဲ့အထိ ချောင်းတစ်လျှောက်လုပ်ပေးမယ်ပေါ့။ အဲလိုလုပ်ပေးလို့မှ စိုက်ခင်းတွေရေသွင်းလို့ သီးနှံတွေပျက်စီးရင် သီးနှံလျော်ကြေးတွေ ပေးမယ်လို့ပြောတယ်။ အရင်ကတော့ ရေများတဲ့အချိန်မှာ ရောချတော့ သိပ်မသိသာဘူး။ အခုက ရေမရှိချိန်မှာ အဲဒီလိုလုပ်ချလိုက်တော့ အကုန်သိသာတာ။ ငါးတွေဆို ငါးပတ်တွေကအစသေတယ်။ ပုပ်စော်တွေတောင်နံတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ထာဝရကုမ္ပဏီ ကျောက်ပုထိုးရွှေသန့်စင်စက်ရုံကို အရင်အစိုးရလက်ထက်ကတည်းက နှစ်ရှည်စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ ရေထု၊ လေထုတိုင်းတာတာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေ၊ ကုမ္ပဏီကလုပ်ဆောင်နေတာတွေကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013