DVB Logo
Home
မြန်မာသတင်း
ဥက္ကံ မိရိုးဖလာဝါးခမောက်လုပ်ငန်း လုပ်ကိုင်သူ နည်ပါးလာ
DVB
·
January 20, 2018
ဥက္ကံ မိရိုးဖလာဝါးခမောက်လုပ်ငန်း လုပ်ကိုင်သူ နည်ပါးလာ
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ မိရိုးဖလာ ဝါးခမောက်လုပ်ငန်းကို အရင်က အများဆုံး လုပ်ကိုင်ခဲ့ရာ ပြီးခဲ့တဲ့သုံးနှစ်ကစ အသုံးပြုသူ နည်းလာလို့ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာပြီး မိသားစုတပိုင်တနိုင် လုပ်ကိုင်သူတွေသာ ရှိတာ့တယ်လို့ ဝါးခမောက် လုပ်ကိုင်သူတွေက ပြောပါတယ်။
ဝါးခမောက်လုပ်ငန်း လုပ်ကိုင်သူဒေါ်သန်းသန်းဌေးက “အရင်ကကျမတို့ တရွာလုံး ဝါးခမောက်လုပ်ငန်းကို လုပ်ကျတာ။ မြဝတီ၊ ပြင်ဦးလွင်တို့ဘက်ဆို တနှစ်ကို အလုံးရေ ၁ သိန်းကျော်အထိ ပို့ရတယ်။ ဝါးခမောက်က တောင်သူလယ်သမားတွေ၊ ကောက်စိုက်သမတွေ၊ တောင်ယာလုပ်ကိုင်တဲ့သူတွေ အများဆုံးအသုံးပြုတာ။ မိုးဦးကျခါနီးဆို အရမ်းရောင်းကောင်းတာ။ လယ်သမားတွေက အများဆုံးဝယ်တာလေ။ အခု လယ်လုပ်ကိုင်သူနည်းတာနဲ့ ကောက်စိုက်သမတွေ မရှိတော့တာတွေကြောင့် အသုံးပြုသူ နည်းသွားပြီး ရောင်းအားကျသွားတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီး ပြင်ဦးလွင်ဘက် တနှစ်ကို အလုံးရေ သုံးသောင်းလောက်သာ မှာယူတော့တယ်။ မြဝတီဘက်က မမှာတော့လို့ မပိုရတော့ဘူး” လို့ ပြောပါတယ်။
မိသားစုလုပ်ငန်း လုပ်ကိုင်သူကိုကျော်သူနိုင်က “ဝါးခမောက်လုပ်ဖို့ ကုန်ကြမ်းကို ကြံခင်းမြို့နယ်က ဝယ်ရတယ်။ အရင်ကအရွက်ငါးဆယ်ပါ ဝါးဖတ်ထုံးတစ်ထုံးကို ၅၀၀၀ ကျပ်ပေးရတယ်။ ဝါးတလုံးကို အဆင့်သင့်ခွဲပြီး ၁၀၀၀ ကျပ်ပေးရတယ်။ အခုမရတော့ဘူး။ ဝါးဖတ်ထုံးတထုံးကို ၉၀၀၀ ကျပ်ပေးရပြီး၊ ဝါးတလုံးကို ၂၀၀၀ ကျပ်အထိ ပေးရတယ်။ အရင်က အလုပ်သမားများတယ်။ အခုက စက်ရုံ အလုပ်ရုံပေါ်လာတော့ သိပ်မလုပ်ကျတော့ဘူး။ ခမောက်တလုံးကို အရင်းက ၄၅၀ ကျပ် ကုန်ကျတယ်။ ဖောက်သယ်က ၅၅၀ ကျပ်ပေးရတယ်။ မိသားစုလုပ်မှသာ အဆင်ပြေမှာ။ အလုပ်သမားလည်း မငှားနိုင်ဘူး။ အခုတော့ ခမောက်လုပ်ငန်းကို လုပ်ကိုင်သူ တဖြည်းဖြည်းနည်းသွားပါတယ်” လို့ ပြောပါတယ်။
အရင်ကဝါးခမောက်လုပ်ငန်းကို တိုက်ကြီး၊ ဥက္ကံ၊ ဖောင်ကြီးစတဲ့မြို့တွေမှာ စီးပွားဖြစ်လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပေမယ့် လွန်ခဲ့တဲ့သုံးနှစ်ပိုင်းကစတင်ပြီး အသုံးပြုသူနည်းလာခြင်း၊ ကုန်ကြမ်း ဈေးတက်လာခြင်းနဲ့ အလုပ်သမား ရှားပါးလာခြင်း တို့ကြောင့် မိသားစုတပိုင်တနိုင်လုပ်ကိုင်သူတွေသာ ရှိပါတော့တယ်။
မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013