ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ချထား
DVB
·
January 20, 2018

ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်မှာစိုးတာကြောင့် ရခိုင်ပြည်နယ် ၁၇ မြို့မှာ လုံခြုံရေးတိုးမြှင့် ချထားတယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကိုပြောပါတယ်။
"မလိုလားအပ်တဲ့ ဆူပူပြဿနာတွေ ဖြစ်လာမှာစိုးလို့ ကြိုတင်ကာကွယ်ဆောင်ရွက်ထားပါတယ်။ ပြည်သူလူထု လုံခြုံရေးအတွက်ကို ပြည်သူလူထုကတော့ အေးအေးချမ်းချမ်းနဲ့ သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားနေပါတယ်။ တခြားမလိုလားအပ်သော လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ရောက်ဗုံးခွဲတာတွေ၊ ပြည်သူတွေကို မလိုတာတွေ လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်ဆန္ဒပြမှုဖြစ်အောင် နောက်ကနေ တိုက်တွန်းပြီး လုပ်တာမျိုးဖြစ်မှာစိုးလို့ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံး လုံခြုံရေးတိုးမြှင့်ချထားပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့စလို့ ဒီကနေ့မနက်အထိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အင်းအား တိုးမြှင့်ချထားတာပါ။
စစ်တွေမြို့မှာ အဓိကနေရာတွေ ဖြစ်ကြတဲ့ ရခိုင်ပြည်နယ်အစိုးရုံရှေ့နဲ့ ရုံးဘေးနားတွေ အပါအဝင် စစ်တွေဘုရားကြီး၊ စစ်တွေတရားရုံးနဲ့ အောင်မင်္ဂလာရပ်ကွက်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားတာပါ။
ဒါ့ပြင် မနေ့က နေ့လယ်ပိုင်းက ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာကြောင့် စစ်တွေ ဘုရားကြီးအနားမှာ လူ ၁၀၀ ဝန်းကျင်းက စုရုံးရောက်ရှိလာပြီးတော့ သိပ်မကြာခင်မှာ လူအုပ်ကြီးက ပြန်လည်လူစုကွဲသွားခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်း ၁၁ နာရီအထိ စစ်တွေဘုရားကြီးအနားမှာတော့ လုံခြုံရေးကား ၆ စီးအပါအဝင် နေရာအချို့မှာ ရဲတပ်ဖွဲ့တွေ အသင့်နေရာယူထားကြတာ တွေ့ရပါတယ်။
မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။