DVB Logo
Home
Lead Story
လက်နက်၊ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ဥပဒေ
DVB
·
January 19, 2018
လက်နက်၊ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ဥပဒေ
Donate to DVB

“ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် အစုံအညီနဲ့ လေးမျက်နှာဝိုင်း..” လို့ ပဋကုသလ ဇာတ်ထဲက ဇာတ်မင်းသား ဖိုးစိန်လို အော်ဟစ်ရမယ့် အခြေအနေ။

မူးယစ်မှောင်ခိုဂိုဏ်းကလည်း သေနတ်နဲ့တကွမိ။ လူမိုက်ဂိုဏ်းကလည်း သေနတ်နဲ့ ပစ်ခတ်။ ရာဇဝတ်မကင်းသူတွေ အများစုက တရားမဝင် လက်နက်ကိုင်ဆောင်နေသလို အာဏာနဲ့ မကင်းရာ မကင်းကြောင်းတွေကလည်း တရားမဝင် လက်နက်ကိုယ်စီနဲ့။

သာမန်ရိုးသားတဲ့သူ ပြည်သူလူထုကတော့ စနစ်တကျ အခြိမ်းခြောက်ခံနေရသလိုပါပဲ။ တကယ့်လက်နက်မဲ့ပါ။ လူထုကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ၃ လက်မထက်ရှည်တဲ့ မောင်းချဓားတောင် ကိုင်ဆောင်ခွင့်မရဘူး။ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေကို ကြည့်ပါ။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ အရပ်သား ၂ ဦး လက်နက် သယ်ယူလာတာကို ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေဟာ မီဒီယာစာမျက်နှာမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တယ်။

သူ့အရင်ကတော့ ၂၀၁၇ ဆန်းစ ဇန်နဝါရီ ၂၉ ရက်နေ့ကတော့ တရားလွှတ်တော် ရှေ့နေတဦးဖြစ်တဲ့ ဦးကိုနီကိုလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပဲ တရားမဝင် လက်နက်ကိုင်သူတစုက အများပြည်သူရှေ့မှောက်မှာပဲ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့တာတွေကိုလည်း မြင်တွေ့ ဖတ်ရှုခဲ့ရတယ်။

အချို့ကိစ္စတွေက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေသလို အချို့ကိစ္စရပ်တွေကတော့ စနစ်တကျ ရမ်းကားဗိုလ်ကျတဲ့ လုပ်ရပ်လို့ ဆိုကြပါတယ်။ အချို့သော သတင်းဌာနတွေရဲ့ သုတေသနပြုချက်အရဆိုရင် လက်ရှိအစိုးရ တက်လာတဲ့ တနှစ်ခွဲ ကာလအတွင်းမှာ တရားမဝင် လက်နက်ဖမ်းဆီးရမှုပေါင်း ၂၅ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မျက်မှောက်ခေတ်ရဲ့ တရားမဝင် လက်နက်ကိုင်ဆောင် ရမ်းကားမှုအစဟာ ၅ လောင်းပြိုင် လူသတ်မှုက သင်ကြားပေးလိုက်တဲ့ အကျိုးဆက်ပဲလို့ ဆိုကြပါတယ်။

“တရားမဝင် လက်နက်ကိုင်ဆောင်မှုများနဲ့ ပတ်သက်ပြီး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဥပဒေတွေက လက်ရှိ ကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ (Arms Act 1878 ၁၉၄၉ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေ Arms (Emergency Punishment (Temporary)Act နဲ့ ၁၉၅၁ လက်နက်(ယာယီ)ပြင်ဆင်ချက်ဥပဒေ Arms (Temporary Amendment) Act တို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကျင့်သုံးနေတဲ့ ၁၈၉၉ ရန်ကုန်ရဲအက်ဥပဒေ (Rangoon Police Act 1899 နဲ့ ရန်ကုန် ရဲအက်ဥပဒေတို့ပဲ ဖြစ်တယ်။

ဒါတွေကိုပေါင်းပြီး တနိုင်ငံလုံး သက်ရောက်တဲ့ဥပဒေ ဖြစ်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအင်္ဂလိပ်လက်ထက်က ဥပဒေအပြင် ရှမ်း၊ ကချင်၊ ချင်းတို့မှာရှိတဲ့ လက်နက်ဥပဒေတွေကိုပါ ပေါင်းစည်းဖို့ လုပ်ဆောင်နေပါတယ်”လို့ ဆိုပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး ၁၉၁၅ ခုနှစ် အမျိုးသားလွှတ်တော်မှာ လက်နက်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ ၉-၃-၁၉၇၇ ခုနှစ် အမိန့်ကြော်ငြာစာအမှတ် (၅၅) လက်နက်ကိုင်ဆောင်ရေးမူကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမှာ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရတဲ့ သေနတ်၊ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ရတဲ့ သေနတ်၊ လက်ဆောင်သေနတ်တို့ကို ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီခွင့်ပြုချက် အမိန့်ဟာ န.ဝ.တ တက်ပြီးနောက်ပိုင်း အဲဒီသေနတ်တွေအားလုံးကို ပြန်လည်သိမ်းယူခဲ့တဲ့အတွက် ဒီနေ့ကာလအထိ မြန်မာနိုင်ငံမှာ မိမိအသက်အန္တရာယ်အတွက် လက်နက်ကိုင်ဆောင်ခွင့် မရှိခဲ့တော့ပါဘူး။

ဒါပေမယ့် မကြာမီကပဲ ၂၀၁၇ ဒီဇင်ဘာလထဲမှာပဲ ရှမ်းပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့်ရသူ ၄ ဦး ရှိတယ်လို့ ရှမ်းပြည်နယ်လွှတ်တော်မှာ ဖြေကြားခဲ့ကြောင်း ဖတ်ရှုခဲ့ရပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ကို လိုင်စင်နဲ့ ခွင့်ပြုတာလား။ ပါမစ်နဲ့ ခွင့်ပြုခဲ့တာလား။ ဒါမှမဟုတ် အထူးအမိန့်နဲ့ ခွင့်ပြုတာလား ဆိုတာတွေဟာ စဉ်းစားသုံးသပ်စရာ ဖြစ်လာခဲ့ပါတော့တယ်။

ဒါကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာအစီအစဉ်) မှာ “မိမိ အသက်အန္တရာယ်အတွက် လက်နက်ကိုင်ဆောင်ခွင့် ရှိသလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုမှာ ဦးဋ္ဌေးဦး(တရားလွှတ်တော်ရှေ့နေ)နဲ့ ဦးတင်မောင်(အငြိမ်းစားရဲအရာရှိ) တို့ကို ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ လက်နက်ကိုင်ဥပဒေက ပြဋ္ဌာန်းချက်ရှိပြီးသား။ ခေတ်နဲ့လျော်ညီဖို့တော့ လိုတယ်။ လက်နက်ဟာ ကာကွယ်တာ ဖြစ်သလို မတရားကျူးလွန်ဖို့အတွက်လည်း ဖြစ်နိုင်တာပဲ။ ပြစ်မှုဥပဒေမှာတော့ ကာကွယ်မှုအတွက် လက်နက်ကိုင်ဆောင်ခွင့် မပြုပါဘူး။ ဒါပေမယ့် သတ္တိရှိရှိ ကိုယ့်ကိုယ်ကိုယ်သာမက သူများကိုပါ ကာကွယ်ပေးရင် အပြစ်မရှိဘူးလို့ ပါတယ်။

ဥပဒေအသစ် ပြဋ္ဌာန်းမယ် ဆိုရင်လည်း ခေတ်ကာလနဲ့ညီရုံသာမက စိတ်နေစိတ်ထားပါ ထိန်းကျောင်းနိုင်တဲ့ အချက်တွေ ပါဝင်ဖို့ လိုမှာပါလို့ ဆိုပါတယ်။

အငြိမ်းစားရဲအရာရှိ ဦးတင်မောင်ကတော့ လက်နက်ကိုင်တာဟာ အန္တရာယ် အလွန်များတယ်။ ဒီလို အမှုအခင်းတွေ မဖြစ်အောင် ကြိုတင်ကာကွယ် ပညာပေး ဟောပြောစည်းရုံးတာ အကောင်းဆုံးပဲ။ မြန်မာနိုင်ငံမှာတော့ န.ဝ.တ၊ န.အ.ဖ ကာလကစပြီး အခုချိန်အထိ မိမိအသက်အန္တရာယ် ကာကွယ်ဖို့ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူးလို့ ဆွေးနွေးသွားခဲ့ပါတယ်။

မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့် မရှိတော့ပါဘူး။ ဒါပေမယ့် တရားမဝင် ကိုင်ဆောင်မှု ဘယ်အတိုင်းအတာထိ ရှိနေနိုင်တယ် ဆိုတာ ခန့်မှန်းရ ခက်ပါလိမ့်မယ်။

အသေချာဆုံးကတော့ လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဂိုဏ်းတွေ၊ ကာကွယ်ရေးအဖွဲ့တွေ၊ နယ်စပ်မျဉ်းတလျှောက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူတွေ၊ အာဏာပိုင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မျက်နှာသာ အပေးခံရသူတွေ၊ သူတို့မိသားစုအဝန်းအဝိုင်းတွေ စတာတွေကတော့ အသီးသီးသော ဥပဒေပ လက်နက်ပုန်း ကိုင်နေခဲ့ကြဟန်ပါပဲ။

လူထုကတော့ ထိရောက်တဲ့ အကာအကွယ် မရခဲ့ကြပါဘူး။ ဖောက်ခွဲပစ်ခတ်လို့ရတဲ့ လက်နက်ရော ထိုးခုတ်ရိုက်နှက်လို့ ရတာရော အစုံစုံသော လက်နက်တွေကို အထိတ်တလန့် ဖြတ်ကျော်နေခဲ့ရတဲ့ လူထုအတွက်ကတော့ “ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ်အစုံအညီနဲ့ လေးမျက်နှာဝိုင်း” ရယ်လို့ ဟစ်အော်ရုံမှတပါး လုံခြုံမှု ကင်းမဲ့သလို ခံစားနေကြရကြောင်းပါဗျာ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013