DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့် ကယားပြည်နယ် အရေးကိစ္စ ယူအန်အေ တိုင်းရင်းသားမဟာမိတ်ပါတီများ စိုးရိမ်
DVB
·
January 19, 2018
ရခိုင်နှင့် ကယားပြည်နယ် အရေးကိစ္စ ယူအန်အေ တိုင်းရင်းသားမဟာမိတ်ပါတီများ စိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအခြေအနေကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ပဋိပက္ခတွေ တခုပြီးတခု ဖြစ်ပေါ်နေတဲ့အပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ) က ထုတ်ပြန်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ ကယားပြည်နယ် လွိုင်ကော်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့  တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ် ပူးပေါင်းဖွဲ့စည်းထားတဲ့ ယူအန်အေအဖွဲ့က ဒီကနေ့  ကြေညာလိုက်တာပါ။

ကယားပြည်နယ်မှာ ကရင်နီတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတဲ့အပေါ်မှာလည်း များစွာ စိုးရိမ်ပူပန်တယ်၊ အစိုးရအနေနဲ့ ပြည်သူပြည်သားတွေအပေါ် စိတ်စေတနာကောင်းနဲ့ ဆုံးဖြတ် ညှိနှိုင်းမှုတွေလုပ်ဖို့လည်း  ယူအန်အေက ပြောပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့လိုလားချက်တွေကို တောင်းဆို ဆန္ဒထုတ်ဖော်တဲ့ ပုဂ္ဂိုလ်တွေအပေါ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာမလုပ်ဘဲ ထပ်မံတရားစွဲနေတာဟာ ပြဿနာတွေကို ပိုလို့ တိုးပွားစေမယ်၊ တဖက်မှာ အရေးမယူဘဲ လျစ်လျူရှုထားပြီး တခြားတဖက်မှာ အရေးယူနေတာဟာ တရားမျှတမှု မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ထိခိုက်မှုနဲ့ အသေပျောက် မရှိစေဖို့ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်သင့်တယ်။ ထိုက်ခိုက်မှုတွေ၊ သေဆုံးမှုတွေကြောင့် ပဋိပက္ခကို ဖြေရှင်းရာမှာ ပိုခက်သွားစေပြီး ပြည်သူလူထုရဲ့ အယုံအကြည်ကင်းမဲ့မှုတွေ ရင်ဆိုင်ရနိုင်တယ်၊ တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စာပေဟောပြောပွဲ ကျင်းပခွင့် မရတာကို အကြောင်းပြုပြီး ဇန်နဝါရီ ၁၆ ရက်ညက လူစုလူဝေးနဲ့ ဆန္ဒပြပွဲဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့ရာမှာ အရပ်သား ၇ ဦး ​သေဆုံး၊ ၁၂ ဦး ဒဏ်​ရာရခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၂၀လောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထင်ရှားတဲ့ ရခိုင်တိုင်းရင်းသား လွှတ်တော်အမတ်တဦး ဖြစ်တဲ့ ဒေါက်တာအေးမောင်ကိုလည်း မနေ့က စစ်တွေမြို့က နေအိမ်မှာ ရဲက လာရောက် ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၁၈ ရက်မှ ၃၁ ရက် အထိ ချုပ်ရမန်ရယူကာ စစ်တွေ အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

ကယားပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၀ ရက်​​က ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးတို့ ပစ်သတ်ခံရတာကို  ကန့်​ကွက်​ရှုတ်​ချ​​ကြောင်းနဲ့ အမှန်​တရား​ပေါ်​ပေါက်​ဖို့် ဒီဇင်​ဘာ ၂၂ ရက်​​က ဆန္ဒထုတ်​​ဖော် ​​တောင်းဆိုခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၅ ဦး ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲထောင်ချခံ ခဲ့ရပါတယ်​။

တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ) အဖွဲ့မှာ ရှမ်း၊ မွန်၊ ရခိုင်၊ ဇိုမီး၊ ကယန်း စတဲ့ တိုင်းရင်းသားမဟာမိတ်ပါတီတွေ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013