DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမည်ဟု IMF ခန့်မှန်း
DVB
·
January 19, 2018
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ဝ၁၈ ခုနှစ် မတ်လမှာ ကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာနှစ်အတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းပါတယ်။

ဒီပမာဏဟာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရရှိခဲ့တဲ့ ၅ ဒသမ ၉ ရာခိုင်နှုန်းထက် များပြားခဲ့တယ်လို့လည်း ဆိုပါတယ်။

IMF ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရာသီဥတု ဆိုးရွားမှုတွေ ကြုံတွေ့ရတာကို  ကျော်လွန်လာပြီး  စိုက်ပျိုးရေးကဏ္ဍက အကျိုးအမြတ် ရရှိမှုဟာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပြည်တွင်အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး နိုင်ငံ့ဂျီဒီပီရဲ့ ၃၈ ရာခိုင်နှုန်းနဲ့  ကုန်တင်ပို့မှုပမာဏရဲ့ ၂၃ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးကဏ္ဍကဖြစ်ပြီး  လုပ်သားအင်အား အားလုံးရဲ့ ၆ဝ ရာခိုင်နှုန်းကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားတယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်တဲ့ အောက်စဖို့ဒ်စီးပွားရေးလုပ်ငန်းစုရဲ့ သုတေသန အစီရင်ခံစာမှာလည်း စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့မှုအပြင် ပြည်တွင်းထုတ် အထည်အလိပ်နဲ့ အသေးစားထုတ်ကုန်တွေ ဝယ်လိုအား မြင့်တက်လာခဲ့ခြင်းကလည်း ပြီးခဲ့တဲ့ နှစ်အတွင်း စီးပွားရေးကဏ္ဍကို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဖော်ပြပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အချက်အလက်တွေအရ ၂ဝ၁၇ ဧပြီနဲ့  ဇူလိုင်လတွေ အတွင်း လူသုံးကုန်ပစ္စည်းတွေနဲ့  ကုန်ကြမ်းပစ္စည်းတွေ တင်ပို့ ရောင်းချရမှုဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၅၄ ရာခိုင်နှုန်းနဲ့ ၂ဝ ရာခိုင်နှုန်းအထိ အသီးသီး တိုးတက်လာတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်စဉ်ဂျီဒီပီ မြင့်တက်မှုဟာ မူလရှိနေတဲ့ ၇ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့လည်း IMF ရဲ့ ၂ဝ၁၈  စီးပွားရေးဆိုင်ရာ ခန့်မှန်းချက်မှာ  ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013