DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား ဝေဖန်ခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၉ လချမှတ်
DVB
·
January 18, 2018
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား ဝေဖန်ခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၉ လချမှတ်
Donate to DVB

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မိုက်ကယ်ကျော်မြင့်အကောင့်နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မမှန်မကန် စွပ်စွဲရေးသားမှုတွေကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားလိုလုပ်တိုင်ကြားခဲ့တဲ့ မိုက်ကယ်ကျော်မြင့်ကို ဒီနေ့ မနက်က ဒဂုံမြို့နယ် တရားရုံးက ပုဒ်မ ၂ ခုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၉လ ချမှတ်လိုက်ပါတယ်။

မြို့နယ်တရားသူကြီးက “အမိန့်ချမှတ်ရာမှာ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးချက်တွေအရ မိုက်ကယ်ကျော်မြင့် အကောင့်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ၂၀၁၇ ခုနှစ်၊ မေ လ ၁၂ ရက်၊ မေလ ၁၈၊ မေလ ၂၁ ရက်၊ မေလ ၂၆ ရက်၊ မေလ ၂၈ ရက်မှာ ၀န်ကြီးချုပ်အပေါ်အမျိုးမျိုး ဝေဖန်သုံးနှုန်း စွပ်စွဲရေးသားထားတဲ့ စာသားတွေ ဖော်ပြရေးသားကာ အများပြည်သူ အထင်အမြင်လွဲမှားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်၊ အသရေပျက်စေရန်နဲ့ ၀န်ကြီးချုပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ သဘောနဲ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုဖော်ပြခဲ့သလို မျောက်နဲပါ ခိုင်းနှိုင်းရေးသားခဲ့တာကြောင့် ပြစ်မှုထင်ရှားတဲ့အတွက် ပုဒ်မ ၆၆ (ဃ) အရ အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တယ်” လို့ တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မိုက်ကယ်ကျော်မြင့်အကောင့်နဲ့ သတင်းစာရှင်းလင်းပွဲဖိတ်စာမှာ မမှန်မကန် စွပ်စွဲရေးသားခဲ့တာကြောင့် တရားသူကြီးက ပုဒ်မ ၂၁၁ အရ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး စုစုပေါင်း ထောက်ဒဏ် ၉လ ချမှတ်ခဲ့တာပါ။

ထောင်ဒဏ် ၉ လ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်က “လက်ရှိတရားရေးဌာနဟာ စနစ်တစ်ခုအောက်မှာပဲ ရှိသေးတယ်။ ဘာမှ ပြောင်းလဲမှု မရှိသေးပါဘူး။ တရားရေးဌာနအောက်မှာပဲ စနစ်ရှိရမယ်။ စနစ်အောက်မှာ တရားရေးက မရှိရဘူး” လို့ ပြောကြားခဲ့ပါတယ်။

ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တဲ့ အမှု ၂ မှုကို ဒဂုံမြို့နယ်တရားရုံးက ၂၀၁၇ ခု သြဂုတ်လ ၈ ရက်နေ့မှာ အာမခံပေးထားခဲ့ပါတယ်။

ဒါပေမယ့် မိုက်ကယ်ကျော်မြင့်ဟာ အာမခံနဲ့နေထိုင်စဉ် ရာထူးနဲ့ အာဏာကို အလွဲသုံးစားပြုကာ ပြည်သူအပေါ်အနိုင်ကျင့်ပြီး အကျင့်ပျက်လုပ်ရပ်တွေ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို အရေးယူပေးရေး အကြောင်းအရာ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ဖို့ လုပ်ဆောင်နေစဉ် အောက်တိုဘာ ၂၃ ရက်ညနေက ပြန်လည်ဖမ်းဆီးခံရပြီး တာမွေမြို့နယ်တရားရုံးမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(င)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့လည်း တရားရင်ဆိုင်နေရသူပါ။

ချမှတ်လိုက်တဲ့ ထောင်ဒဏ်တွေကို သီးခြားစီကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုတယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013