
ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းအတွင်း ဧပြီ ၁၉ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ မီးဖိုချောင်က စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်တွေကို မီးကူးစက် ပျံ့နှံ့သွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုဟာ ထမင်းချက်နေစဉ် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကို ထိန်းချုပ်ဖို့ မလွယ်ကူတဲ့အတွက် အနီးရှိ နေအိမ်တွေကို လျင်မြန်စွာ ကူးစက်သွားခဲ့ကြောင်း မီးငြှိမ်းသတ်ရာမှာ ပါဝင်ကူညီခဲ့သူတွေက ပြောပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ကူညီခဲ့သူတယောက်က “ထမင်းချက်နေရင်းကနေ စလောင်တာပါ။ မီးက မြန်မြန်ကူးသွားလို့ အိမ် ၁၁ လုံးထိ ထိခိုက်သွားတယ်။ စလောင်တဲ့ အိမ်တွေထဲက ၄ လုံးမှာတော့ ဆန်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ အကုန်လုံး မီးလောင်ဆုံးရှုံးသွားပါတယ်” လို့ ပြောပါတယ်။
ဒီမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေမဲ့ နေအိမ် ၄ လုံးရှိ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး စုစုပေါင်း နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
မီးလောင်မှုဟာ တနာရီကျော်ကြာ ဆက်လက်လောင်ကျွမ်းခဲ့ပြီး စစ်ရှောင်စခန်းရှိ ဒေသခံတွေ ဝိုင်းဝန်းကြိုးပမ်း ငြှိမ်းသတ်ခဲ့လို့ ညနေ ၃ နာရီခန့်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အခုလို ပူပြင်းပြီး ခြောက်သွေ့တဲ့ရာသီအတွင်း မီးလောင်မှုတွေ အလွယ်တကူ ဖြစ်ပွားနိုင်တဲ့အတွက် မီးအသုံးပြုရာမှာ အထူးသတိထားကြဖို့လည်း သတိပေးထား ပါတယ်။











