DVB Logo
Home
မြန်မာသတင်း
ကလေးမြို့အတွင်း မီးတိုင်စိုက်လုပ်ငန်း မညီမျှမှုကြောင့် ဒေသခံများ မကျေနပ်
DVB
·
January 18, 2018
ကလေးမြို့အတွင်း မီးတိုင်စိုက်လုပ်ငန်း မညီမျှမှုကြောင့် ဒေသခံများ မကျေနပ်
Donate to DVB

ကလေးမြို့ လျှပ်စစ်ဌာနအနေနဲ့ လမ်းဘေးမီးတိုင်စိုက်မှုတွေမှာ ရပ်ကွက်အတူတူချင်း ညီမျှမှု မရှိတာကြောင့် ရပ်ကွက်နေ ပြည်သူအချို့က မကျေမနပ် ဖြစ်နေကြပါတယ်။

“မီးတိုင်စိုက်တာကို လမ်းလယ်ကနေ တဖက် ပေ ၅၀ တိုင်းပြီး စိုက်မယ်ဆိုတော့ လမ်းဘေးမြေတွေက ဌာနက လုပ်ထားတာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် မြေဖို့ ပြင်ဆင်ထားတာတွေ။ နောက်ပြီး အချို့ အိမ်ဝင်းထဲထိ ရောက်လာတာတွေ ရှိတယ်။ တကယ်လို့ ပေ ၅၀ ကို မြို့ပေါ်မှာ မလုပ်ဘဲနဲ့ ရပ်ကွက်ကျမှ ရပ်ကွက်ချင်း အတူတူ မြို့သာရပ်ကွက်ကို လုပ်မယ်ဆိုရင်တော့ မကျေနပ်ဘူး။ မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ အကုန်လုံး ဘုရင့်နောင်လမ်းကို တပြေးညီ လုပ်မယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အိမ်ပဲ ဖျက်ရ ဖျက်ရပေါ့” လို့ မြို့သာရပ်ကွက် ဘုရင့်နောင်လမ်းဘေးမှာ နေထိုင်တဲ့ ရပ်ကွက်သားတဦးက ဆိုပါတယ်။

ကလေးမြို့နယ် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း တမြို့လုံး ခြုံနိုင်အောင် မီးပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီး ခုလို ရပ်ကွက်သူ ရပ်ကွက်သားအချို့ မကျေနပ်မှုတွေနဲ့ ပတ်သက်ပြီ လုပ်ငန်းခက်ခဲ ကြန့်ကြာမှုတွေ ရှိနေကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးနေထွန်းဝင်းက ပြောပါတယ်။

“အဓိက ကတော့ လမ်းနယ်နိမိတ်နဲ့ ညှိနေရတယ်။ ကျန်တာကတော့ ဒီနေရာ ဒီနေရာစိုက် ဒီနေရာ အဆင်ပြေတယ်ဆို ကျနော်တို့က လမ်းကို သွက်သွက်လေး လုပ်သွားလို့ ရတယ်။ ခုဟာက ညှိနှိုင်းဆဲကာလ ဆိုတော့ ဒါလေးနည်းနည်း ဖြစ်နေတာပေါ့။ ဗိုလ်ချုပ်လမ်း လှိုင်သာယာရပ်ကွက် နတ်ချောင်းလမ်း (ဘုရင့်နောင်လမ်း) မြို့သာရပ်ကွက်တွေမှာ အဲဒီလို ဖြစ်နေတယ်။ ဒါကို လာမယ့် ဌာနဆိုင်ရာ အစည်းအဝေးမှာ ခရိုင်အထိ တင်ပြသွားပြီး လမ်းညွှန်ချက်နဲ့အညီ အဆင်ပြေအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ရပ်ကွက်မီးတိုင်စိုက် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နတ်ချောင်းလမ်းပိုင်း မြို့သာရပ်ကွက် အဝင် နန်းကလိမ်တံတားအကျော်ထိ လမ်းဘေး လျှပ်စစ်သွယ်တန်းတိုင်တွေကို ကတ္တရာလမ်းသာ အဆုံးနဲ့ ငါးပေလောက်အကွာမှာ စိုက်ထားတာ တွေ့ရပြီး ကျန်တချို့နေရာတွေမှာပဲ လမ်းလယ်နဲ့ ပေ ၅၀ အကွာ သတ်မှတ်မှုတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

အခုလို လုပ်ငန်းကြန့်ကြာနေတာကြောင့် ဌာနနဲ့ မြို့အတွက် နစ်နာမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ဦးနေဝင်းထွန်းက ခုလို ဆက်ပြီး ပြောပါတယ်။

“သတ်မှတ်ကာလ ပြီးစီးအောင် မလုပ်နိုင်ရင် ဒီ လုပ်ငန်းဘတ်ဂျက်တွေ ပြန်အပ်ရတာတွေ ရှိတယ်။ အဲလိုဖြစ်ကုန်ရင် ဌာနအနေနဲ့ရော မြို့အနေနဲ့ရော နစ်နာမှုတွေ ဖြစ်တာပေါ့။ ထရမ်စဖော်မာတွေ ဒီဟာတွေ ရအောင်တောင်းတယ်ဆိုတာကလည်း ဘတ်ဂျက်အရ ကျနော်တို့ တနှစ်ခွဲ နှစ်နှစ်လောက် ကြိုတင်ပြင်ဆင် တောင်းခံထားတဲ့ဟာတွေလေ။”

ကလေးမြို့ လျှပ်စစ်ဌာနအနေနဲ့ ၂၀၁၆-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေနဲ့ တိုးချဲ့လုပ်ငန်း ၁၀ ခု၊ အစားထိုးလုပ်ငန်း ၄ ခု နဲ့ JICA (ဂျာကာ) ပရောဂျက် (ဂျပန်ချေးငွေ) နဲ့ တိုးချဲ့လုပ်ငန်း ၃ ခု စုစုပေါင်း လုပ်ငန်းပေါင်း ၁၇ ခုကို ၂၀၁၈ ခုနှစ် မတ်လထဲမှာ ပြီးဆုံးအောင် ဆောင်ရွက်ရမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013