DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်အတွင်း တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ရွာ ၄၀ ကျော် လျှပ်စစ်မီးသွယ်ပေးမည်
DVB
·
January 18, 2018
မိတ္ထီလာခရိုင်အတွင်း တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ရွာ ၄၀ ကျော် လျှပ်စစ်မီးသွယ်ပေးမည်
Donate to DVB

၂၀၁၈-၂၀၁၉ ခုနှစ်မှာ မိတ္ထီလာခရိုင်ထဲက ရွာ ၄၀ ကျော် လျှပ်စစ်မီးရရှိဖို့ မီးတိုင်၊ မီးကြိုးနဲ့ ထရန်စဖော်မာတွေကို တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ပြုလုပ်ပေးမယ်လို့ ဇန်နဝါရီ ၁၆ ရက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က ပြောပါတယ်။

“လာမယ့် ဘတ်ဂျက်နှစ်မှာ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ဝမ်းတွင်းမြို့နယ်ထဲက ရွာ ၁၀ ရွာလောက် လျှပ်စစ်မီးရမယ်။ ထရန်စဖော်မာရယ်၊ မီးတိုင်နဲ့ ကြိုး ၂ မိုင်စာကို တိုင်းဒေသကြီး ဘတ်ဂျက်က ကျခံပေးမယ်။ ကျန်တာကို အဲဒီရွာက ဆက်လုပ်ရမယ်။ သဘွတ်ကုန်းရွာဆိုရင် လျှပ်စစ်မီး ရှိနေတဲ့နေရာနဲ့ ရွာက ၅ မိုင်ကျော်လောက် ဝေးနေတယ်။ ၂ မိုင်ကတော့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ လုပ်ပေးမယ်။ ကျန်တဲ့ ၃ မိုင်မှာရှိတဲ့ ကြိုးနဲ့ တိုင်ရယ်၊ ရွာတွင်း လိုင်းကြိုးနဲ့ တိုင်တွေကို အဲဒီရွာကပဲ အကုန်အကျခံ လုပ်ဆောင်ရမယ်။”

မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းလှိုင်က “အခုလာမယ့် ဘတ်ဂျက်နှစ်က အရင်နှစ်တွေထက် တိုင်းဘတ်ဂျက်ငွေသုံးပြီး လျှပ်စစ်မီးဆွဲပေးရမယ့်ရွာ ပိုများလာတယ်။ ၂၀၁၇-၂၀၁၈ မှာ ရွာ ၃ ရွာပဲ ဆွဲပေးနိုင်တယ်။ တင်ဒါပိုလျှံငွေ ဆင်းရဲမှု လျှော့ချငွေ သဘာဝဘေးငွေတွေ စုပြီး တိုင်းဘတ်ဂျက်အနေနဲ့ နောက်ထပ် ၂ ရွာ မီးဆွဲပေးတော့ ၅ ရွာ ရတယ်ပေါ့”လို့ ပြောပါတယ်။

ခရိုင် လျှပ်စစ်မန်နေဂျာ ဦးနေဦးက “၂၀၁၈-၂၀၁၉ အနေနဲ့ လုပ်ငန်းတွေ စပြီးလုပ်နေပါပြီ။ အလဲဗင်းလိုင်းကြိုးနဲ့ ထရန်စဖော်မာကတော တိုင်းဘတ်ဂျက်က ကျခံမယ်။ ရွာတွင်း ၄၀၀ ဗို့လိုင်းကတော့ အဲဒီရွာကပဲ လုပ်ရမယ်။ အလဲဗင်းကေဗွီ (11KV) ဆိုတာ ၁ သောင်း ၁ ထောင်ဗို့ စီးတယ်။ အဲဒါက ထရန်စဖော်မာကို မီးဝင်မယ်။ အဲဒီထရန်စဖော်မာက ကြိုး ၄ ချောင်း ပြန်ထွက်တယ်။ အဲဒီကြိုး ၄ ချောင်းကို ၄၀၀ ဗို့လိုင်းလို့ ပြောတာပါ။ မနှစ်က ဘတ်ဂျက်ထဲမှာပဲ ဒီခရိုင်ထဲက အပြီးအစီး လုပ်ပေးတဲ့ ရွာတချို့ ရှိတယ်။ ဒီနှစ်မှာ အခုထိတော့ မပါသေးဘူး”လို့ ပြောပါတယ်။

၂၀၁၈-၁၉ တိုင်းဘတ်ဂျက်အနေနဲ့ မိတ္ထီလာခရိုင်မှာ ရွာပေါင်း ၄၉ ရွာကို လျှပ်စစ်မီး ဆွဲပေးမှာ ဖြစ်ပါတယ်။

မိတ္ထီလာမှာ ရွာ ၁၉ ရွာ၊ သာစည်မှာ ၈ ရွာ၊ ဝမ်းတွင်းမှာ ၁၀ ရွာ၊ မလှိုင်မှာ ၁၂ ရွာတို့ကို တိုင်းဘတ်ဂျက်နဲ့ မီးကြိုး မီးတိုင် ထရန်စဖော်မာ ကျခံပြီး လျှပ်စစ်မီး ရအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013