DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို မတရားသင်းပုဒ်မ၁၇(၁)ဖြင့်အမှုဖွင့်
DVB
·
January 18, 2018
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို မတရားသင်းပုဒ်မ၁၇(၁)ဖြင့်အမှုဖွင့်
Donate to DVB

 

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ နှစ်ဦးကို ရသေ့တောင် မြို့နယ်ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်အရေးယူထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် စာပေ ဟောပြောပွဲ မှာ  ဟောပြောသူဒေါက်တာအေးမောင်နဲ့  စာရေးဆရာ ဝေဟင်အောင် တို့နှစ်ဦးကို ရသေ့တောင်မြို့နယ် ရဲစခန်းကမတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်အရေးယူ ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဇန်န၀ါရီ ၁၆ ရက်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးက သူတို့နှစ်ဦး ကို  နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့နဲ့ အမှုဖွင့်တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ရသေ့ တောင်မြို့နယ် ရဲစခန်းက ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းမှာ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၅ ရက်မွန်းလွဲပိုင်းက ရသေ့တောင်မြို့နယ် တောင်ရင်းတိုင်းရပ်ကွက် စေတီယင်္ဂဏကျောင်းတိုက် ဓမ္မာရုံမှာ လုပ်ခဲ့တဲ့  စာပေဟောပြောပွဲမှာ  အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့  စာရေးဆရာဝေဟင်အောင် တို့ ပါဝင် ဟောပြောခဲ့ကြတယ်။

ဟောပြောပွဲမှာ  စာရေးဆရာဝေဟင်အောင် (ခ) အောင်ကျော်ဝင်း က “ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီးလူမျိုးဆက် (၅) ဆက် ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်းရခိုင်နိုင်ငံတော် နှင့် အချုပ်အခြာ ပြန်လည် ရရှိရေး၊ ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများ အနေဖြင့်လည်းဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလ ဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသောအချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေးရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသဖြင့် အကျယ်တဝင့် ဟောပြောခဲ့တယ်။

ဒေါက်တာအေးမောင်ကလည်း “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကိုဗမာ့ကျွန် အဖြစ် လောက်သာ ထားရှိပြီးတန်းတူအခွင့်အရေးမပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်း ၂ ခုသာရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်း နှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ရှိကြောင်း၊ မိမိမှာနောက် တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင် ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များစွာ ရောက်တိုင်းမှာ အချုပ်အခြာ အာဏာပြန်လည် ရယူလိုရေးစိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည် ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကိုစည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲပြီးရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်း ဖြစ်ကြောင်း၊ ယခုလိုဟောပြောပွဲများကျင်းပခြင်းဖြင့် တစ်မျိုးသားလုံးထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်ကို သိရှိပြီးအမျိုးသားရေး တစ်ရပ်အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း”ပြောကြားခဲ့တယ်။

ဒီလို ဟောပြောခဲ့ကြတဲ့သူ နှစ်ဦးအနက် ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းကို  လတ်တလောမှာ စစ်တွေမြို့နယ်ရဲစခန်းအချုပ်မှာ အမှုနဲ့ ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တာကြောင့် သူ့ကို ဖမ်းဖို့ ခိုင်လုံတဲ့အထောက်အထားတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရမှ ဖမ်းလို့ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013