DVB Logo
Home
မြန်မာသတင်း
တရားသူကြီးနှင့် ဥပဒေအရာရှိအပါအ၀င် ၃ ဦးကို  အဂတိလိုက်စားမှုဖြင့် တရားစွဲအရေးယူ
DVB
·
January 17, 2018
တရားသူကြီးနှင့် ဥပဒေအရာရှိအပါအ၀င် ၃ ဦးကို  အဂတိလိုက်စားမှုဖြင့် တရားစွဲအရေးယူ
Donate to DVB

 

တရားသူကြီးတဦး၊ ဥပဒေအရာရှိတဦးနဲ့ အထက်တန်းရှေ့နေ တဦးတို့ကို  အမှုသည်ဆီက လာဘ်စားခဲ့တယ်ဆိုပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ပဲခူးတိုင်းတရားလွှတ်တော်၊ တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးနွဲ့ (ယခင် ဘုတလင်မြို့နယ် တရားသူကြီး)၊ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဥပဒေအရာရှိ ဒေါ်ယမင်းသန့် (ယခင် ဘုတလင်မြို့နယ် ဥပဒေအရာရှိ)နဲ့  မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည်တို့ကို တရားစွဲဆို လိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာနေတဲ့ နစ်နာသူက သစ်တောဥပဒေနဲ့ အရေးယူခံခဲ့ရတဲ့ အမှုမှာ  မော်တော်ယာဉ် ပြန်လည်ရရှိရေးအတွက် ဘုတလင်မြို့နယ် တရားသူကြီးကို ငွေကျပ်  ၄၅ သိန်းနဲ့ မြို့နယ်ဥပဒေအရာရှိကို ငွေကျပ် ၁၂ သိန်း ပေးခဲ့ရတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ကော်မရှင်ကစုံစမ်းရာမှာ တရားသူကြီးနဲ့ ဥပဒေအရာရှိတို့ဟာ အထက်တန်းရှေ့နေ ဒေါ်စုကြည်ကတဆင့် ငွေတွေရယူခဲ့တာ ပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ဟာ ထွက်ပြေးတိမ်းရှောင်နေကြလို့ ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့ကို ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း၊ အထက်တန်း ရှေ့နေ ဒေါ်စုကြည်ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃/ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း စစ်ကိုင်းတိုင်း တရားလွှတ်တော်မှာ မနေ့က တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဥပဒေအရာရှိ ဒေါ်ယမင်းသန့်ကို ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ လည်းကောင်း၊  အထက်တန်းရှေ့နေ ဒေါ်စုကြည်ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇/၆၃/ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရလည်းကောင်း ဘုတလင်မြို့နယ် တရားရုံးမှာ မနေ့ကပဲ တရားစွဲဆိုထားတယ်လို့လည်း ဖော်ပြထားပါတယ်

ပုဒ်မ ၅၆ အရ လုပ်ပိုင်ခွင့်အာဏာရှိသူတွေ ပြစ်မှုကျူးလွန်တယ်လို့ ပေါ်ပေါက်ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၅၇ မှာတော့ ဘယ်သူမဆို ပြစ်မှုကျူးလွန်တယ်လို့ ပေါ်ပေါက်ရင် ထောင်ဒဏ် ၇ နှစ်အထိ ချနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက “အဂတိလိုက်စားမှုက တရားရုံးတိုင်းမှာ ရှိနေတယ်။ ဒီနေ့ပဲ ရုံးမှာ ကြုံခဲ့ရသေးတယ်။ ပိုက်ဆံမပေးရင် ဘာမှလုပ်မရဘူး။ အခုလို ထိထိရောက်ရောက် အရေးယူမယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကနေ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ တိုင်ကြားစာပေါင်း ၄၅၁၆ စောင်ရခဲ့တယ်လို့ ကော်မရှင် က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013