DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရပ်ကျေးအန်အယ်လ်ဒီ ဥက္ကဋ္ဌကို ထိုးကြိတ်၊ ဖမ်းဆီးမှုဖြစ်ပွား
DVB
·
January 16, 2018
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရပ်ကျေးအန်အယ်လ်ဒီ ဥက္ကဋ္ဌကို ထိုးကြိတ်၊ ဖမ်းဆီးမှုဖြစ်ပွား
Donate to DVB

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းရှုးကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့က ရပ်ကျေး အန်အယ်လ်ဒီဥက္ကဋ္ဌကို ဝိုင်းဝန်းထိုးကြိတ်ပြီး လက်နက်ကိုင်စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားမှု ဇန်နဝါရီ ၁၁ ရက်ညနေက ဖြစ်ပွားခဲ့ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်မရဘဲ တက်ရောက်ခဲ့တဲ့ ရပ်ကျေး အန်အယ်လ်ဒီ  ဥက္ကဋ္ဌကို ကျေးရွာအပြန် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့က ဝိုင်းဝန်းထိုးကြိတ်ပြီး မြို့ရှောင်လမ်း(တောင်ကြား)မှာရှိတဲ့ နယ်ခြားစောင့် လုံခြုံရေး ကင်းစခန်းကို ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

လူတစုရဲ့ ထိုးကြိတ်တာ မခံနိုင်တဲ့အတွက် ထွက်ပြေးခဲ့ပေမယ့် ကားနဲ့ လိုက်လံ ဖမ်းဆီးခဲ့တယ်လို့  ကော့ဒိုင်းကျေးရွာ၊ ရပ်ကျေး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ပြည့်သိန်းက ပြောပါတယ်။

“ကျနော် ဆက်ပြီး ဒီအတိုင်းခံနေမယ်ဆိုရင် ဆက်ပြီးတော့ နာဦးမှာပဲဆိုပြီးတော့ ကျနော် ထွက်ပြေးသွားတာ။ ထွက်ပြေးသွားတာ နောက်ကကားနဲ့ လိုက်ဖမ်းတယ်။ ကားနဲ့ လိုက်တင်ပြီးတော့ BGF ဂိတ်မှာ ကျနော့်ကို ခေါ်ပြီးတော့ သီးသန့် အဝင်အထွက် စစ်ဆေးတဲ့ ဂိတ်ကို မပို့ဘဲနဲ့ ကျနော့်ကို ဘေးက ထိတ်တုံးထဲမှာ ထည့်ထားပါတယ်”လို့ ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအရလုပ်ခွင့်မရှိဘဲ ဒေါသအလျောက် လုပ်ခဲ့တဲ့အပြင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့အတွက် မှားခဲ့ပါတယ်လို့ ကော့သင်းရှုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောအောင်ထွန်းက ပြောပါတယ်။

“ဂိတ်မှာ ခေါ်ရတဲ့ အကြောင်းအရင်းက ကျနော် ဝန်ခံတယ်။ ကျနော် မှားတယ်။ အမှန်က ကျနော် မခေါ်သင့်ဘူး။ ရုံးမှာပဲ ဆွေးနွေးလို့ရတယ်။ ရုံးမှာက အဝင်အထွက်များတဲ့အခါကျတော့ ရုံးက လမ်းဘေးနဲ့ကပ်တော့ သူများတွေမြင်ရင် မကောင်းလို့ ကျနော် အပြင်မှာ ခေါ်ထုတ်ပြီးတော့ အေးအေးဆေးဆေး မေးရအောင်ဆိုပြီးတော့ မေးတာပါ”လို့ ပြောပါတယ်။

ကျေးလက်ဒေသတွေမှာ ဥပဒေစိုးမိုးမှု၊ ဥပဒေရဲ့ အကာအကွယ်မရရှိတဲ့အတွက် နောက်ထပ် အလားတူ ဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့ ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာ၊ဒေသခံ ကပြောပါတယ်။

“အရင်တခါတုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ အခု တကြိမ်လည်း ထပ်ဖြစ်တယ်ဆိုတော့ တကယ်လို့ အရေးမယူဘူးဆိုလို့ရှိရင် နောက်ထပ် အကြိမ်ကြိမ်ဖြစ်လာဖို့က အလားအလာ အများကြီးရှိတယ်။ အန္တရာယ်တွေ အများကြီးရှိတယ်။ ကျေးလက်မှာဆိုရင် ဒီလိုမျိုး မသမာစိတ်တွေ များတဲ့အခါကျတော့ လုံခြုံရေးတွေ အများကြီး လိုအပ်တာရှိတယ်။ ဒီလိုမျိုး ဆက်ဖြစ်မယ်ဆိုလို့ရှိရင် စိုးရိမ်စရာတွေအများကြီး ဖြစ်လာမယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး ည ၇ နာရီလောက်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး​တို့ ရောက်ရှိလာပြီး ဖြစ်စဉ် အသေးစိတ် စစ်​​ဆေးမေးမြန်းပြီး လိုအပ်တဲ့ လုံခြုံရေး​တွေ ထားရှိဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်လောက်က  ကော့သင်းရှုးကျေးရွာမှာပဲ အန်အယ်လ်ဒီပါတီဝင် ၁ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ညအချိန် နေအိမ်မှာ သေနတ်နဲ့ပစ်ခဲ့တဲ့အတွက် သေဆုံးခဲ့သလို၊ ၂၀၁၆ ခုနှစ်မှာလည်း ဇင်မသွယ်ကျေးရွာ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးရဲ့နေအိမ်ကို အမည်မသိလူတစုက ဖျက်ဆီးပြီး ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ဖူးပါတယ်။

အိန္ဒုနယ်မြေရဲစခန်းမှာ ရပ်​ကျေး  အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ပြည့်သိန်းက အမှုဖွင့် တိုင်ကြားရာမှာ သာမန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၃ အရ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး အမှုဖွင့်လှစ်သွားမယ်လို့ စခန်းမှူး ရဲအုပ်ရဲထွဋ်မင်းက ဒီဗွီဘီကို ပြောကြားခဲ့​ပေမယ့်​ ဇန်​နဝါရီ ၁၅ ရက်​​နေ့ထိ တရားရုံးမှာ အမှုဖွင့်​လှစ်​​နိုင်​ခြင်း မရှိ​သေးပါဘူး။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013