DVB Logo
Home
မြန်မာသတင်း
တရုတ်ပုဆိုးကို ယှဉ်နိုင်ရန်အတွက် ပြည်တွင်းထုတ်ပုဆိုးများ အရည်အသွေးမြှင့်တင်ရန် ကူညီမည်
DVB
·
January 16, 2018
တရုတ်ပုဆိုးကို ယှဉ်နိုင်ရန်အတွက် ပြည်တွင်းထုတ်ပုဆိုးများ အရည်အသွေးမြှင့်တင်ရန် ကူညီမည်
Donate to DVB

ဈေးကွက်ထဲဝင်ရောက်လာနေတဲ့ တရုတ်ပုဆိုးတွေကို ယှဉ်ပြိုင်နိုင်အောင်  ပြည်တွင်းထွက်ပုဆိုးတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့ ကူညီပေးမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ‎ပြောပါတယ်။‎

ဇန်နဝါရီ ၁၄ ရက်က ဝမ်းတွင်းမြို့နယ်ခန်းမမှာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ  တရုတ်နိုင်ငံကနေ ဝင်လာတဲ့ ပုဆိုးတွေကို  ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ့ကြုံနေရတာနဲ့ ပတ်သက်ပြီးဖြေရှင်းပေးဖို့  လုပ်ငန်းရှင်တွေက အကူအညီတောင်းခံတဲ့အပေါ် ပြောကြားခဲ့တာပါ။  

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကျနော်တို့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ‎မရှိသင့်ဘူးလား ဆိုတော့ ရှိသင့်တယ်။ အဲဒါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှာ ‎သူ့အပိုင်းနဲ့သူ ရှိပြီးသားပါ။ အဲဒါထက် အရည်အသွေးမြင့်တဲ့ ပုဆိုးတွေ ထုတ်လုပ်‎စေချင်တယ်။”လို့ပြောပါတယ်။

ဒီအတွက် နည်းပညာလိုအပ်မှာဖြစ်သလို လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ လေ့ကျင့်သင်တန်းပေးတာတွေလုပ်ဖို့လိုမယ့်လို့လည်း ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တမာကုန်းရွာ လုပ်ငန်းရှင် ဦးကြည်အောင်က “ကျေးရွာတွေမှာ ‎ပြည်ပထွက်ပြီး အလုပ်လုပ်ကုန်လို့ အလုပ်သမား ရှားပါးလာတာ ကူညီပေးပါ။ ‎ကုန်စည်စီးဆင်းမှု ရပ်တန့်နေတယ် ယူဆတာကြောင့် လည်ပတ်နိုင်အောင် ကူညီပါ။ တရုတ်က ဝင်လာတဲ့ ပုဆိုးတွေကို ယှဉ်ပြိုင်ဖို့ ခက်တာကြောင့် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲ” လို့ တင်ပြ ဆွေးနွေးပါတယ်။

‎မြသုံးလုံး အထည်စက်ပိုင်ရှင် ကိုပြေသိန်းက “တရုတ်ပုဆိုးတွေကို ဥပဒေအရ ဘယ်လို ကာကွယ်ပေးမလဲ ဒါမှမဟုတ် ‎ယှဉ်ပြိုင်ဖို့ နည်းပညာနဲ့ အကူညီ ဘယ်လိုပေးနိုင်ပါလဲ” လို့ ဆွေးနွေးပါတယ်။

သိန်းအထည်စက်ပိုင်ရှင် ဦးသန်းမြင့်က “SME ‎ချေးငွေ ရယူရာမှာ ရုံးတွေကို မရောက်ဖူးတဲ့ ‎လုပ်ငန်းရှင်တွေအနေနဲ့ ခက်ခဲတယ်။ ငွေကြေး အတက်အကျ ရှိနေတာကိုလည်း ထိန်းပေးစေချင်တယ်” ဆိုတာ ဆွေးနွေးခဲ့‎ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‎ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပံ့ပိုးမှုနဲ့ ဝမ်းတွင်းမြို့နယ်မှာ လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်ကာ မြို့နယ်ခန်းမမှာ လုပ်ငန်းရှင် ၁၅၀ လောက်နဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးတင်ပြသူ ၆ ဦးကို ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013