DVB Logo
Home
မြန်မာသတင်း
ပအိုးဝ်ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ
DVB
·
January 16, 2018
ပအိုးဝ်ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ
Donate to DVB

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပအိုးဝ်ငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ၊ ဦးအောင်ခမ်းထီနဲ့ တွေ့ဆုံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဦးအောင်ခမ်းထီနဲ့ အဖွဲ့ဝင်တွေအပါအဝင် မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံရာမှာ ဦးအောင်ခမ်းထီက သူတို့ဟာ ၁၉၉၂ ခုနှစ်ကတည်းငြိမ်းချမ်းရေးယူခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအပေါ် အထင်အမြင်မလွဲဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း လက်ရှိသူတို့ ဆောင်ရွက်နေတာဟာလည်း ထာဝရငြိမ်းချမ်းရေးရဖို့အတွက်ပဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်၊ အာဆီယံဒေသမှာ လူဦးရေ သန်း ၆၀၀ ကျော်၊ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး ဆက်ပြီးလည်း တိုးပွားနေလို့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းမှာ မတည်ငြိမ် မအေးချမ်းရင် နောက်ကျကျန်ခဲ့မှာ ဖြစ်ကြောင်းပြောပါတယ်။

တပ်မတော်အနေနဲ့  တိုင်းရင်းသားဒေသတွေမှာ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ စေလွှတ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပြီး အချင်းချင်း စည်းလုံးညီညွတ်ဖို့် လိုတဲ့ အကြောင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်တာ၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ထုတ်လုပ်၊ ရောင်းဝယ်တာတွေကို တားဆီးကာကွယ်ရမှာ ဖြစ်တဲ့အကြောင်းတွေ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပအိုးဝ်တိုင်းရင်းသား အရေအတွက်  ၁၁ သိန်းလောက်ရှိပြီး ဆက်ပြီး တိုးတက်နေမယ်လို့ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ် ဆရာတော်ကြီး ပေါလ်ဂရောင် ဦးဆောင်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက ကက်သလစ် ဆရာတော်တွေ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ လားရှိုးမြို့ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖီးလစ်ဇဟောင်း၊ မြစ်ကြီးနားမြို့ ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နဲ့ ဗန်းမော်မြို့ ကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ရေမွန်ဆွမ်လွတ်ဂမ်တို့ပါဝင်ကြပြီး ဘာတွေ ဆွေးနွေးကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013