စစ်ကိုင်းတိုင်း ကလေးမြို့မှာရှိတဲ့ ခရစ်ယာန်သုသာန်ကို မပြောင်းရွှေ့ရရေးအတွက် ဘာသာဝင်တွေ စုပေါင်းပြီး ဆုတောင်းပွဲ ကျင်းပပါတယ်။
ကလေးမြို့ စည်ပင်သာယာက ခရစ်ယာန်ဘာသာဝင်တွေရဲ့ စံသာသုသာန်ကို ပြီးခဲ့တဲ့ လဆန်းပိုင်းက စာထုတ်ပြီး ပြောင်းရွှေ့ခိုင်းခဲ့တာပါ။ အဲဒီ့ သုသာန်နေရာမှာ စီမံကိန်းတခုကို ဆောင်ရွက်မှာဖြစ်လို့ ဒီသုသာန်ကို ဒိုးဝိုင်း ချောင်းဘေးက သုသာန်ဆီကို ဧပြီလကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာပါ။
ဒါကြောင့် သုသာန်မပြောင်းရွှေ့လိုသူတွေက မနေ့က ခရစ်ယာန်ဆရာတော် အပါး ၃၀ နဲ့ လူထု ၁ ထောင်လောက် အဲဒီ စံသာသုသာန်မှာ သွားရောက် ၀တ်ပြုဆုတောင်းခဲ့ပါတယ်။ ခရစ်ယာန်သင်းအုပ်ဆရာ ဘွန်းဇနန်က ပြောပါတယ်။
“တိုတောင်းတဲ့ကာလ ၁၅ နှစ်ကျော်လောက်မှာ ၃ ကြိမ်တိတိ ပြောင်းရွှေ့ရတယ်။ စည်ပင်က ဘာကြောင့်ပြောင်းရွှေ့ခိုင်းတယ် ဆိုတာ အကြောင်းမပြဘဲနဲ့ အဲဒီလိုလုပ်တဲ့အခါကျတော့ ကျနော်က ဆင်းရဲသားတွေအတွက် စဉ်းစားတဲ့အခါကျတော့ အသင်းတော်က သင်းအုပ်ဆရာရယ် ကျနော်တို့ လူချင်းဆွေးနွေးတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အစိုးရကို ပိုင်စားအုပ်စိုးတဲ့ ဘုရားဆီမှာ ကျနော်တို့ ဆုတောင်းရအောင် ဆိုပြီးတော့မှ ကျနော်တို့ ခရစ်ယာန်ဘုန်းကြီးတွေ အပါး ၃၀ လောက် ဦးဆောင်ပြီးတော့ လုပ်တာဖြစ်ပါတယ်။
ကျနော်တို့ အခု နိုင်ငံတော်သမ္မတကြီးကလည်း ကိုယ်ချင်းစာနာပြီးတော့မှ မြစ်ဆုံတောင်မှ ရပ်ခိုင်းတယ်။ ရပ်လို့ရတယ်ဆိုတော့ ကျနော်တို့ ဘုရားကို ဆုတောင်းတာပါ။ ဘယ်လိုမှ အပြစ်တင်တာမဟုတ်ဘူး။ မပြောင်းရွှေ့ဘဲ ဒီအတိုင်း အဟောင်းကို အဟောင်းအတိုင်း ထားဖို့ ကျနော်တို့က အဲဒါ ဘုရားကို ဆုတောင်းတာဖြစ်ပါတယ်။”
ဧပြီလ ၂၅ ရက်နေ့တုန်းကလည်း မပြောင်းလိုတဲ့ ခရစ်ယာန်ဘာသာဝင်တွေ စုပေါင်း လက်မှတ်ရေးထိုးပြီး စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ဆီ စာရေးတောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဒေသခံ တဦးက ခုလို ပြောပါတယ်။
“ကျနော်တို့ တောင်းဆိုချက် ၆ ချက်နဲ့အတူ စာတင်ထားပါတယ်။ (က) ကတော့ ဒီမြေကို ၉၄ ခုနှစ်တုန်းက ဝယ်တဲ့အခါမှာ အုတ်ဂူတွေ တည်ဖို့အတွက်လည်း သူတို့က ၃ပေ ၆ ပေးအတွက်ဆိုရင် ၈၀၀၀ ပေါ့ဗျာ။ မြေမြှုပ်သူများအတွက်ဆိုရင် ၄၀၀၀ ဆိုပြီးတော့မှ စည်ပင်ကိုပေးသွင်းပြီးတော့မှ သုသာန်မြေမှာ မြှုပ်နှံခဲ့တာ ဖြစ်တဲ့အတွက် ဒီအုတ်ဂူတွေကို မဖျက်ဆီးဖို့ နံပါတ်တစ်အချက်အနေနဲ့ တောင်းဆိုပါတယ်။ ခရစ်ယာန်သုသာန် သင်္ချိုင်းမြေနေရာက မြောက်ဘက်နဲ့ အရှေ့ဘက်မှာ လယ်ကွင်းတွေ ရှိတယ်။ ပြီးတော့ ချောင်းလေးလည်း ခြားထားတယ်။ လူနေရပ်ကွက်နဲ့လည်း သီးခြားလေး ဖြစ်နေတဲ့ အခါကျတော့ ဒီဟာကို သီးသန့်ထားလို့ ရပါတယ်ဆိုပြီးမှ သူတို့ အဲဒါကို ထောက်ပြပါတယ်ဗျ။ နောက်တခု ဒိုးဝိုင်းချောင်းဆိုတဲ့ သုသာန်အထက်မှာ အုတ်ရဂူအကြီး ၆ ပေ ၃ ပေ အကျယ်အဝန်းဆိုရင် ၁၂၀၀၀၀ ကျနော်တို့က ပေးရတယ်။ အုတ်ဂူအငယ် ၂ ပေပတ်လည် လုပ်မယ်ဆိုရင် သုံးသိန်းခွဲ ကုန်တယ်ပေါ့။ အဲဒီအခါကျတော့ ဒီ ကျန်ရစ်သူမိသားစု အနေနဲ့ ငွေကုန်ကြေးကျ များပြားတာကြောင့် အခက်အခဲတွေ့ရတယ် ဆိုပြီးတင်ပြထားပါတယ်ဗျ။ ပြီးတော့ စံသာ သုသာန်မှာတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အကုန်အထိ အသုံးပြုခဲ့တဲ့ သင်္ဂြိုဟ်ခဲ့တာတွေပေါ့နော် တချို့အလောင်းတွေက ပုပ်ဆော်နံနေပြီပေါ့။ အဲဒါတွေကို ရွှေ့ပြောင်းဖို့ကျတော့လည်း မသင့်တော်ဘူးပေါ့ဗျာ။ ဆိုးဝါးနေပြီပေါ့။ အဲဒါကြောင့်မို့လည်း ဒီသုသာန်ကို မပြောင်းရွှေ့ပေးဖို့ တောင်းဆိုပါတယ်ဗျ။”
လက်ရှိ စံသာ သုသာန်မှာ ကွယ်လွန်သူ ခရစ်ယာန် ၁ သောင်းကျော်ရဲ့ မြေပုံနဲ့ အုတ်ဂူတွေရှိနေတဲ့အကြောင်းနဲ့ ဒါတွေကို ပြောင်းရွှေ့ရင် နှစ် အနည်းငယ်အတွင်းမှာပဲ သုသာန်အသစ် ပြည့်မှာဖြစ်မှာတဲ့အတွက် မပြောင်းဖို့ တောင်းဆိုတာလို့ ပြောပါတယ်။
တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ကလေးမြို့နယ် စည်ပင်ရုံးကို မေးမြန်းရာမှာတော့ ဒီတိုင်ကြားသူတွေထံကို ရှင်းလင်းပေးခဲ့ပြီးပြီလို့ ပြောပါတယ်။
“စံသာသုတ်သာန်က ကြာပြီ။အဲဒီမှာ မြှုပ်နှံသင်္ဂြိုလ်တာ ကြာတော့ နေရာတွေကလည်း ပြည့်သွားပြီလေ။ ပြည့်ပြီးတော့ ပြေပုံဘာညာတွေက ထပ်နေလို့ ဟိုဘက် ဒိုးဝိုင်းချောင်း သုသာန်အသစ်က အခုမှ ၃၁ ရက် ၁၂ မှာ စပြီးတော့ ဖွင့်ထားတာ ကို အဲဒီဘက်မှာ သွားပြီးတော့ သင်္ဂြိုဟ်ဖို့ စည်ပင်ကနေ လုပ်ထုံးလုပ်နည်းအရ ရပ်ကွက် ၁၉ ရပ်ကို ညွှန်ကြားထားတာပေါ့။ ကျနော်တို့ကတော့ လွန်ခဲ့တဲ့ တပတ်လောက်ကတော့ အဲဒီ တိုင်တဲ့အဖွဲ့တွေကိုလည်း ရှင်းလင်းပြောကြား ပြီးသွားပြီ။ ပြီးလို့ရှိရင် နာရေးကူညီမှုအသင်းကိုလည်း ကျနော်တို့က ရှင်းလင်းပြောကြား ပြီးသွားပြီ။”











