DVB Logo
Home
မြန်မာသတင်း
အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဟောင်း ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီး ခန့်အပ်ရန် တင်ပြ
DVB
·
January 16, 2018
အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဟောင်း ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီး ခန့်အပ်ရန် တင်ပြ
Donate to DVB

 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဟောင်း ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက  ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ တင်ပြထားပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီးနောက် လစ်လပ်နေတဲ့ ဆောက်လုပ်ရေးဝန်ကြီးနေရာအတွက် ဝန်ကြီးသစ် ခန့်အပ်ဖို့ လွှတ်တော်မှာ အဆိုပြု တင်ပြလာတာ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဦးဟန်ဇော်ဟာ M.Sc အင်ဂျင်နီယာဘွဲ့ကို ရုရှားနိုင်ငံ မော်စကိုက ရရှိခဲ့ပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးနဲ့ ၂၀၀၇ မှာ အငြိမ်းစားယူခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ တာဝန်ယူခဲ့သလို၊ အင်ဂျင်နီယာကောင်စီဝင်အဖြစ်လည်း တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဦးဟန်ဇော်ဟာ အန်အယ်လ်ဒီပါတီဝင်ဟောင်းတဦး ဖြစ်ပြီး မွေးရပ်မြေ နတ်မောက်ကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ခဲ့ဖူးပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေမျိုးနီးစပ် မောင်နှမဝမ်းကွဲ တော်စပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ပြန့်ပွားရေးအသင်းရဲ့ နာယကအဖြစ် တာဝန်ယူသူလည်း ဖြစ်ပါတယ်။

ခုလို ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး ဦးဟန်ဇော်က “ကျနော့်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါ်တွေ့ပြီးတော့ လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား ခေါ်မေးတယ်လေ။ အမေစုနဲ့ ကျနော်နဲ့ ဘယ်တုန်းက ဆက်စပ်မိလဲဆိုရင် မကွေးတံတားဆောက်တော့ အရင်အစိုးရလက်ထက်တုန်း ပထမဆုံးအကြိမ် ကျနော့်စီမံကိန်းကို အရင်ဆုံး သွားလေ့လာတာပေါ့။ အဲဒီတုန်းက စသိတယ်။  နောက် သူ လွှတ်တော်အမတ် ဖြစ်တော့ အင်ဂျင်နီယာအသင်းမှာ တခေါက်တွေ့တယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ နတ်မောက်မှာ ကျနော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ အနီးကပ်တွေ့ခဲ့ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပါက မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိုပြီး စနစ်တကျရှိအောင် ဆောင်ရွက်ချင်တယ်လို့လည်း ဦးဟန်ဇော်က ပြောပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပိုပြီး စနစ်တကျရှိအောင် ကျနော် ဆောင်ရွက်ချင်ပါတယ်။ ကျနော်တို့တုန်းကတော့ ကော်ပိုရေးရှင်းပေါ့။ ခုတော့ ဦးစီးဌာန ဖြစ်သွားပြီပေါ့။ ဦးစီးဌာန ပုံစံဝင်အောင် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ပြန်ပြီးတော့ ထိမ်းကျောင်းဆောင်ရွက်ရမယ်။ နိုင်ငံတော်က ဆောင်ရွက်ခိုင်းထားတဲ့ လုပ်ငန်းတွေ စီမံကိန်းတွေလည်း ရှိမှာပေါ့။ အဲဒါကို လုပ်ငန်းတခုတည်း မဟုတ်ဘူး။ နိုင်ငံရေးအမြင် စိတ်ဓာတ်နဲ့ ပြည်သူတို့ အမြင်တွေနဲ့ရော ဆောင်ရွက်နိုင်အောင် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေကို တွန်းအားပေးပြီး ဆောင်ရွက်ဖို့ စိတ်ကူးထားပါတယ်။ အဓိက ကျနော်တို့ဆီမှာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကိုယ်ပိုင်စံချိန်စံညွန်းတွေ မရှိသေးဘူး။ အဲဒါတွေလည်း ဖြစ်စေချင်တယ်။ နောက်လမ်းတွေ တံတားတွေလည်း နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ညီအောင် ဆောင်ရွက်စေချင်တယ်။ အမြန်လမ်းတို့ ဘာတို့ဆိုရင် သတိပေး ဆိုင်းဘုတ်က အစ ပြည့်စုံတာ မရှိသေးဘူး။ အနည်းဆုံး အာဆီယံအဆင့်မီအောင် အဲဒါမျိုးတွေ လုပ်ဖို့ ပိုပြီးတော့ တိုးတက်တဲ့အနေအထားဖြစ်အောင် ဆောင်ရွက်ဖို့ စဉ်းစားထားတယ်။”

ဦးဟန်ဇော်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်မယ့်ကိစ္စ ကန့်ကွက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း သက်သေပြပြီး ကန့်ကွက်ဖို့ အမည်စာရင်း ပေးသွင်းနိုင်တယ်လို့ ဒီကနေ့ လွှတ်တော်မှာ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013