DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁ဝ၅ မိုင် ကုန်စစ်ဆေးရေးကွင်းတွင် ရီမုမိုင်းတွေ့ရှိ
DVB
·
January 15, 2018
မူဆယ် ၁ဝ၅ မိုင် ကုန်စစ်ဆေးရေးကွင်းတွင် ရီမုမိုင်းတွေ့ရှိ
1 / 3
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးကွင်းထဲမှ မနေ့မနက်က တွဲကားယာဉ်တစီးရဲ့ အောက်ပိုင်းမှာ ချိတ်ဆွဲထားတဲ့ ရီမုမိုင်း တစ်လုံးတွေ့ရှိခဲ့တယ်လို့ အစိုးရပြန်ကြားရေးက  သတင်းထုတ်ပါတယ်။

ရန်ကုန်မှဆန်တွေတင်ပြီးထွက်လာတဲ့ ယာဉ်မောင်း ဦးမိုးဝင်းမောင်းနှင်လာတဲ့  တွဲကားယာဉ်ဟာ ဇန်နဝါရီ ၁၄ ရက်မနက်မှာ ၁ဝ၅ မိုင် ကုန်စစ်ဆေးရေးကွင်းသို့ ဝင်ရောက်ပြီး ကုန်တွေစစ်ဆေးဖို့ ရပ်တန့်ထားစဉ် ယာဉ်နောက်လိုက် ကိုသန်းစိုးက ယာဉ်အောက်ပိုင်း ဂီယာ ဘောက်မှာဆီတွေ ယိုထွက်နေတာကို ကြည့်ရှုခဲ့ရာမှ အဝတ်စ အိတ်အဖြူနဲ့ ချိတ်ဆွဲ ထားတဲ့အိတ်ကို တွေ့ရှိခဲ့လို့  ယာဉ်မောင်း ဦးမိုးဝင်းက နယ်မြေခံတပ်ကို သတင်းပို့ခဲ့တာပါ။

တွဲကားအောက်ပိုင်းမှာ ချိတ်ဆွဲ ထားတဲ့ TNT အားမြှင့်ယမ်း လေးတုံး၊ ဓာတ်ခဲငါးလုံး၊ ပါရီမုဆား ကစ်ပြားတစ်ခု၊ ဘောစေ့ဘူးတစ်ဘူး၊ လျှပ်စစ်စနက်တံတစ်ချောင်း၊ လျှပ်စစ် ဝိုင် ယာကြိုးရှစ် လက်မနှစ်ချောင်းတို့အား တွေ့ရှိခဲ့လို့ တပ်မတော်အပါအ၀င် အဖွဲ့စုံက ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်းကို  ရှင်းလင်းဖယ်ရှား ပေးခဲ့တယ်လို့သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်  နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်းမှာ လားရှိုး-မိုးမိတ် ခရီးသည်ပို့ဆောင်ရေးယာဉ် အသင်းမှ ခရီးသည် ၁၀ ဦးလိုက်ပါလာတဲ့ HIACE ခရီးသည်တင်ယာဉ်ဟာ လားရှိုးမှ မိုးမိတ်သို့ ထွက်ခွာလာစဉ်  ဇန်န၀ါရီ  ၁၄ရက် မွန်းလွဲပိုင်းက ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

မိုင်းစတွေထိမှန်ပြီး ယာဉ်ကိုယ်ထည်နဲ့ ဘေးမှန်တွေ ထိခိုက် ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည် မနွယ်နွယ်မြင့်၊ မဇင်မာနွယ်နဲ့ မောင်ရာဂျား တို့ မိုင်းစ ထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာလည်း  လမုန်ကျေးရွာ၊ အမှတ် (၂)ရပ်ကွက်နေ ဒေါ်အားညီဆဲ(ဘ)ဦးတဇူခီနဲ့  အမှတ်(၄)ရပ်ကွက်နေ ဒေါ်အင်လျက်ဂျာလု (ဘ)ဦးအင်လျက်နော် တို့ တောင်ယာသို့ သွားရောက်စဉ် ဇန်န၀ါရီ ၁၂ ရက်က တိုက်မိုင်းတလုံးအားတိုက်မိ ပေါက်ကွဲခဲ့လို့  ဒေါ်အင်လျက်ဂျာလု မိုင်းစထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒေါ်အားညီဆဲကတော့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ လမုန်ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇော်တန်(ဘ)ဦးအိုရားနော်ဟာလည်း ဇန်န၀ါရီ ၁၂ ရက်က  နောင်းဘုံချောင်းသို့ ငါးရှာရန် သွားရောက်စဉ် တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့လို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီ ၁၃ ရက်က တနိုင်းမြို့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နန်ဗျူချောင်းထဲမှာ ခရီးသွားစက်လှေတွေ ရီမုမိုင်းနဲ့ဖောက်ခွဲခံရလို့  မောင်ဇင်ကိုရှိုင်း အပါအ၀င် အမျိုးသား ၆ ဦးလိုက်ပါလာတဲ့ စက်လှေငယ် ၁ စီး ပျက်စီးနစ်မြုပ်ခဲ့ပြီး မောင်ဇင်ကိုရှိုင်း မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ် ။

ဓာတ်ပုံ-MOI/CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013