DVB Logo
Home
မြန်မာသတင်း
လူငယ်​ ၅ ဦးထောင်ချခံရသည့်အပေါ်ရှုတ်ချသည့် လက်​ကမ်းစာ​စောင်​များကို တားမြစ်​သိမ်းဆည်း
DVB
·
January 15, 2018
လူငယ်​ ၅ ဦးထောင်ချခံရသည့်အပေါ်ရှုတ်ချသည့် လက်​ကမ်းစာ​စောင်​များကို တားမြစ်​သိမ်းဆည်း
Donate to DVB

 

အမှန်​တရား​ပေါ်​ပေါက်​ရေးအတွက်​ ဆန္ဒပြ​ခဲ့တဲ့ လူငယ်​ ၅ ဦးကို ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ခဲ့တဲ့အပေါ် ကန့်​ကွက်​ရှုတ်​ချ​ကြောင်း  ဒီကနေ့ကျရောက်တဲ့ ကယားပြည်​နယ် ​အထိမ်းအမှတ်​​နေ့မှာ လက်​ကမ်းစာ​စောင်​​တွေ ဖြန့်ဝေခဲ့သူတွေကို အာဏာပိုင်​​တွေက တားမြစ်​​ပြီး လက်​ကမ်းစာ​စောင်​​တွေကို သိမ်းဆည်းခဲ့ပါတယ်​။

လက်​ကမ်းစာ​စောင်​ ဖြန့်​​ဝေရာမှာ ပါဝင်​ခဲ့တဲ့ ကရင်​နီပြည်​ လူငယ်​များသမဂ္ဂအဖွဲ့ဝင်​ ကို​အောင်​နိုင်​စိုးက “လူငယ်​ ၅ ​ယောက်​ကို မတရား​ ထောင်​ချတဲ့အတွက်​ ဒီမတရားမှုကို ပြန်​တွန်းလှန်​ဖို့အတွက်​​ပေါ့​နော်။၊ ကျ​နော်​တို့က အများကို သိရှိ​စေ​အောင်​ လှုပ်​ရှားခြင်း ဖြစ်​တယ်​။ အခု သူတို့က ဒီမျိုးလာသိမ်းရတာက ကျ​နော်​တို့ လုပ်​တာ တရားမဝင်​လို့ လားပေါ့​နော်​။ ဘာဖြစ်​လဲ သူများကို မသိ​စေချင်​လို့လား​ပေါ့​နော်​။ ကျ​နော်​တို့လည်း လာလည်​တဲ့ လူထု​တွေကို အ​နှောင့်အယှက်​​ပေးတာလည်း မရှိပါဘူး။ ကျ​နော်​တို့က လက်​ကမ်းစာ​စောင်​ ​ဝေတယ်​။ ရှင်းပြတာရှိတယ်​။ ဒါ​လောက်​ပဲ ကျ​နော်​တို့ လုပ်​ပါတယ်​။ ပွဲလာတဲ့ လူ​တွေကို ​နှောင့်​ယှက်​တာလည်း မရှိပါဘူး” လို့ ​ပြောပါတယ်​။

ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို လွိုင်​​ကော်​မြို့နယ်​ ​ကေအန်​ပီပီရဲ့ ယာယီ စစ်​​ဆေး​ရေးဂိတ်​မှာ ဒီဇင်​ဘာ ၂၀ ရက်​​က ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​(ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်က ဖမ်းဆီးပြီး သတ်​ဖြတ်​ မီးရှို့ခဲ့တယ်​လို့ သိရပါတယ်​။

ဒီကိစ္စအ​ပေါ် အရပ်​ဘက်​ အဖွဲ့အစည်း ၆ ဖွဲ့က ကန့့်​ကွက်ရှုတ်​ချ​ကြောင်း ​ကြေညာချက်​ ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံတဝန်းလုံးရှိ အရပ်​ဘက်​အဖွဲ့အစည်း ၁၆၃ ဖွဲ့က ဝန်းရံ​ ထောက်​ခံ ထားပါတယ်​။

ကယားပြည်​နယ်​က လက်​နက်​အဖွဲ့ ၂ ဖွဲ့ဖြစ်​တဲ့ ကရင်​နီပြည်​ လူမျိုး​ပေါင်းစုံ ပြည်​သူ့လွတ်​​မြောက်​​ရေးတပ်​ဦး(ကလလတ)နဲ့ ကယန်းပြည်သစ်​ပါတီ (​ကေအန်​အယ်​ပီ)တို့ကလည်း ဖမ်းဆီးခံထားရတဲ့ လူငယ်​ ၅ ဦးကို ခြွင်းချက်​မရှိ ချက်​ချင်းလွှတ်​​ပေးဖို့်​ ပူးတွဲ​တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကယားပြည်​နယ်​ လွှတ်​​တော်​ရဲ့ တိုင်​စာ၊ ပစ်​စာ​ လေ့လာဆန်းစစ်​​ရေး ​ကော်​မတီဝင်​ ၅ ဦးကလည်း ကယားပြည်​နယ်​ရဲ့ တရားစီရင်​​ရေး၊ အုပ်​ချုပ်​​ရေးနဲ့ ဥပ​ဒေပြု​ရေးအဖွဲ့​တွေကို အယုံအကြည်​မရှိလို့ ဇန်​နဝါရီ ၁၀ ရက်​​က နုတ်​ထွက်​သွားခဲ့ပါတယ်​။

သတင်း - ခွန်တူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013