
လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးအတွက် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရင်း အိန္ဒိယနဲ့ ဂျပန်လေတပ်တွေဟာ စက်တင်ဘာ ၂၀ ရက်မှာ အိန္ဒိယအနောက်ပိုင်းက ဂျော့ဒ်ပူရ်မြို့မှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
‘Veer Guardian-2026’ လို့ နာမည်ပေးထားတဲ့ ပူးတွဲလေ့ကျင့်ခန်းကို စက်တင်ဘာ ၉ ရက်မှာ စတင်ခဲ့ပြီး နိုင်ငံနှစ်ခုကြား “ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုစွမ်းအား” (synergy) ကို ဖန်တီးဖို့ ရည်ရွယ်တယ်လို့ ဂျပန်လေတပ် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JASDF) ရဲ့ စစ်ဦးစီးချုပ် တာ့ခဲဟိရို မိုရိတက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိဟာ ဇူလိုင်လတုန်းက နယူးဒေလီမြို့တော်ဆီ သွားခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံနှစ်ခုကြား ဉာဏ်ရည်တု (AI)၊ သတ္တု၊ စွမ်းအင်နဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ စီးပွားရေးလုံခြုံမှုဆိုင်ရာ ပူးတွဲလမ်းပြမြေပုံတခု ရေးဆွဲဖို့ သဘောတူခဲ့ပါတယ်။
သူ့ခရီးစဉ်မတိုင်မီက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ပြီးခဲ့တဲ့နှစ်မှာ တိုကျိုမြို့ဆီ သွားခဲ့ပြီး အဲဒီအချိန်က ဂျပန်နိုင်ငံဟာ လာမဲ့ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၆၁ ဘီလီယံကျော်အထိ နှစ်ဆကျော် တိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။











