DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ဖြူးချောင်းဆည် စိုးရိမ်စရာမရှိဟု တာဝန်ရှိသူများ ပြောကြား
DVB
·
January 15, 2018
ငလျင်ကြောင့် ဖြူးချောင်းဆည် စိုးရိမ်စရာမရှိဟု တာဝန်ရှိသူများ ပြောကြား
Donate to DVB

ခုရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်နေတဲ့ ငလျင်ကြောင့် ဖြူးချောင်းဆည် အက်ကွဲနေပြီလို့ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ  မဟုတ်မှန်ကြောင်းနဲ့ ဖြူးချောင်းဆည်၊ ကွင်းချောင်းဆည်တွေဟာ ခိုင်ခံ့ကောင်းမွန်နေတယ်လို့ ဆည်တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြူးချောင်းဆည်ဟာ အက်ကြောင်းမဖြစ်ဘဲ ခိုင်ခံ့ကောင်းမွန်ကြောင်းနဲ့ အမြဲ စောင့်ကြည့်နေတယ်လို့  ဖြူးချောင်းဆည် တာဝန်ရှိသူတဦးဖြစ်တဲ့ ဒုဦးစီးမှူး ဦးမျိုးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“စိုးရိမ်စရာ တစုံတရာ မရှိပါဘူး။ လူကြီးတွေလည်း စစ်ဆေးပြီးသွားပါပြီ။ ဒီကဝန်ထမ်းတွေကလည်း နေ့ညမပြတ် စောင့်ကြည့်နေပါတယ်။ အက်ကြောင်း လုံးဝမရှိပါဘူး။ အပြင်းဆုံး လှုပ်ခဲ့တဲ့ (၆ ဒသမ ၀)မှာတောင် အထိအခိုက် မရှိခဲ့ပါဘူး။ ထူးခြားမူဖြစ်စဉ်ကို အချိန်နဲ့ တပြေးညီ တင်ပြလို့ရအောင် ဝန်ထမ်းတွေနဲ့ နေ့ညမပြတ် စောင့်ကြည့်နေပါတယ်”

ဖြူးချောင်းဆည်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်းနဲ့ တစုံတရာ ဖြစ်ပေါ်လာခဲ့ရင်လည်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဖြူးမြို့နယ် မိုးဇလဌာနဦးစီးမှူး ဦးနေအေးက ပြောပါတယ်။

“တကယ်လို့ ထူးခြားချက်ရှိလာရင်လည်း အကုန်လုံးကို ကြေညာပေးလို့ရပါတယ်။ ကြေလည်း ကြေညာပေးမှာပါ။ ဘာထူးခြားတယ်ဆိုတာ အန္တရာယ်ရှိရင် ရှိတယ်။ အန္တရာယ်ရှိတဲ့ဟာတွေကိုလည်း ဖယ်ရှားခိုင်းမှာလေ။ အန္တရာယ်ရှိတယ်ဆို လူ တိရစ္ဆာန်တွေကို ဖယ်ရှားခိုင်းမှာပါ။ အခုကတော့ ဘာမှကို ထူးခြားချက် မရှိတာပါ။ ကိုယ်လည်း အတူတူပါပဲ။ စိုးတော့ စိုးရိမ်တာပေါ့။ တစုံတရာ ဖြစ်တယ်ဆို အစ်ကိုတို့လည်း မလွတ်ဘူးလေ။ ဆည်တွေကလည်း ထူးခြားချက်ရှိရင် ချက်ချင်း ဆက်သွယ်ပါမယ်လို့ ပြောထားပြီးသားလေ။ တခုခုဖြစ်တာနဲ့ အကိုတို့ရော မြို့နယ် ထွေအုပ်ရော သူတို့က ချက်ချင်းကို ဆက်သွယ်မှရမှာပါကို။ မဆက်သွယ်လို့ မရဘူးလေ။ မစိုးရိမ်ကြဖို့နဲ့ စိုးရိမ်ရရင်လည်း ချက်ချင်းကို ထုတ်ပြန်ပါမယ်"

အလားတူ တောင်ငူမြို့နယ် ပသိဆည် တမံနဲ့ ရေတာရှည်မြို့နယ် ချောင်းမကြီး ဆည်တမံတွေကိုလည်း ဌာနဆိုင်ရာ တာဝန်ရှိသူတွေက  ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၀၀ နာရီ ၁၉ မိနစ် ကမ္ဘာအေးမြေငလျင်တိုင်းတာရေးစခန်းမှ မြောက်ဘက် ၁၁၇ မိုင်ဖြူးမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်မှာ ဗဟိုပြုပြီး ရစ်(ခ်ျ)တာစကေး ၅ ဒသမ ၀ ပြင်းအားရှိ  ငလျင်တခု လှုပ်သွားပါတယ်။

အဆိုပါငလျင်ကြောင့် ဖြူးမြို့နယ်အတွင်းမှာ ပျက်စီးဆုံးရှုံးမှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖြူးမြို့နယ်မှာ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၉ ကြိမ်ခန့်ရှိပြီး အမြင့်ဆုံးပြင်းအားမှာ ၆ ဒသမ ၀ ရစ်(ခ်ျ)တာစကေး ဖြစ်ပြီး အနိမ့်ဆုံးပြင်းအားမှာ ၄ ဒသမ ၃ ရစ်(ခ်ျ)တာစကေးလို့ ဖြူးမြို့နယ် မိုးဇလဌာနမှ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013