DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမတွင် ငလျင်များဆက်တိုက်လှုပ်ခတ်နေ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရန်လိုအပ်
DVB
·
January 15, 2018
ပဲခူးရိုးမတွင် ငလျင်များဆက်တိုက်လှုပ်ခတ်နေ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရန်လိုအပ်
Donate to DVB

   ပဲခူးရိုးမမှာ ဒီမနက် အစောပိုင်းက အင်အားရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ဒီတကြိမ်ပါနဲ့ဆို ရိုးမမှာ အင်အား ၄အထက်ရှိ ငလျင်ပေါင်း ၉ကြိမ် လှုပ်ခဲ့တယ်လို့ ငလျင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၁၂ရက်မနက်ကစပြီး ပဲခူးရိုးမပေါ်မှာ ငလျင်ပြင်အား ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်ကြီးလှုပ်ခဲ့ပြီးနောက် ဒီမနက်အထိ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြေငလျင်ကော်မတီနာယက ဒေါ်လှလှအောင်က ပဲခူးရိုးမမှာ လှုပ်နေတဲ့ ငလျင်ပြတ်ရွေ့ကြောဟာ အရင်တုန်းက တကြိမ်တခါမှ လှုပ်ခဲ့ဖူးခြင်းမရှိတဲ့  ပြတ်ရွေ့ကြောကနေ လှုပ်ခဲ့တာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မြေထုချပ်တွေ ပိုမိုလှုပ်ရှားလာတာကြောင့် နိုင်ငံအတွင်း ငလျင်တွေလှုပ်နေတာလို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတင်းထုတ်ပြန်ထားပြီး မူရင်းအကြောင်းခံဟာ အိန္ဒိယသမုဒ္ဒရာ မြေထုချပ်က မြန်မာမြေထုချပ် အောက်သို့ စိုက်ဝင်တွန်း တိုက်နေတာကြောင့် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြေထုချပ်လှုပ်ရှားမှုကြောင့် ငလျင်ငယ်တွေ ဆက်ကာလှုပ်ရှားနေတာဟာ ဖြစ်ပေါ်နေတဲ့ ဒဏ် (strain)၊ စုစည်းနေတဲ့ ဒဏ်အား (stress) တို့ကို လျော့ကျသွားစေပြီး ငလျင်ကြီးတွေ ဖြစ်ပေါ် စေဖို့ အခွင့်အလမ်းနည်းပါးနိုင်တယ်လို့ ယူဆနိုင်သလိုပဲ ငလျင်ကြီးတစ်ခု ဖြစ်ပေါ်ဖို့  အခြေအနေရှိနေတယ်လို့လည်း ယူဆနိုင်တယ်။

၂၀၁၈ ဇန်န၀ါရီက ၁ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံတွင်းလှုပ်ခတ်သွားခဲ့တဲ့ ငလျင်အကြိမ် အရေအတွက် အကြိမ် ၂၀လောက်ရှိနေပြီလို့ မိုးဇလဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ခုလို ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာတာဟာ  ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် သတိပေးနေတာဖြစ်တယ်လို့  မြန်မာနိုင်ငံငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က နိုင်ငံပိုင်သတင်းစာတွေကိုပြောပါတယ်။

''ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာတာ အရမ်းကြီးကြောက်ဖို့တော့ မလိုဘူး။ ကံကောင်းတာက ဒီငလျင်လှုပ်တာတွေက ပြင်ဆင်ချိန်ပေးနေသလိုပဲ၊ ပြင်ဆင်ချိန် ရတယ်။ မိသားစုလိုက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရမယ်။ အုပ်ချုပ်မှုပိုင်းကလည်း အုပ်ချုပ်မှုအပိုင်းအလျောက် ကြိုတင်ပြင်ဆင် ထားရမယ်။ ကြိုတင်ပြင်ဆင်မှု အားကောင်းမယ်ဆိုရင် ငလျင်လှုပ်ခဲ့မယ်ဆိုရင်တောင် ဆုံးရှုံးမှု၊ ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရရှိမှုနဲ့ သေကျေမှုတွေ ထိုက်သင့် သလောက်အထိ လျှော့ချနိုင်မယ်။''

ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့ မရတဲ့  ဘေးအန္တရာယ်တစ်ရပ် ဖြစ်တာကြောင့် အဆောက်အအုံတွေကို စစ်ဆေးပြင်ဆင်ခြင်း၊ မိသားစု နေထိုင်ရာ နေရာတွေမှာ ပြုတ်ကျ နိုင်တဲ့ ပရိဘောဂတွေကို စစ်ဆေး ပြင်ဆင်ခြင်း၊ အရေးကြုံရင်  ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ဘယ်လို တုန့်ပြန် ဆောင်ရွက်ကြမလည်းလို့  စဉ်းစားထားဖို့လိုတယ်လို့ ငလျင်ကော်မတီကဆိုပါတယ်

အစိုးရဌာနတွေကလည်း ကာကွယ်ကူညီရေးအဖွဲ့တွေ၊ ယန္တရားတွေကို စဉ်းစားသိရှိ သတိရှိခြင်းတို့ဟာ  အခုရက်တွေအတွင်း ဖြစ်ပွားနေတဲ့ ငလျင်တွေအတွက် မှန်ကန်တဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ငလျင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013