DVB Logo
Home
မြန်မာသတင်း
YBS ပေါ် ခါးပိုက်နှိုက်ခြိမ်းခြောက်ခဲ့သူများကို ၂ လကျော်အကြာ ရဲတပ်ဖွဲ့မှ ဖမ်းမိ (ရုပ်သံ)
DVB
·
January 14, 2018
YBS ပေါ် ခါးပိုက်နှိုက်ခြိမ်းခြောက်ခဲ့သူများကို ၂ လကျော်အကြာ ရဲတပ်ဖွဲ့မှ ဖမ်းမိ (ရုပ်သံ)
Donate to DVB

 

YBS ပေါ်မှာ ခါးပိုက်နှိုက်ခြိမ်းခြောက်ခဲ့သူတွေထဲက တချို့ကို ကျူးလွန်ပြီး ၂ လကျော်အကြာမှာ ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က YBS ၂၀ ပေါ်မှာ ခါးပိုက်နှိုက်အဖွဲ့က အမျိုးသမီးတယောက်ဆီက ခါးပိုက်နှိုက်ရင်း သိရှိသွားလို့ ကြိမ်းမောင်းခဲ့တာပါ။

အဲဒီဖြစ်စဉ် CCTV မှတ်တမ်းကို ယာဉ်လိုင်းကနေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လိုက်ပြီး လူတွေ စိတ်ဝင်စား ဝေဖန်ခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်က သခင်မြပန်းခြံအထိပြေးဆွဲတဲ့ YBS ၂၀ နဲ့ လိုက်ပါလာတဲ့ အမျိုးသမီးက ခါးပိုက်နှိုက်ခံရပြီး ပစ္စည်းတော့ ပါမသွားဘူးလို့ ယာဉ်မောင်းနဲ့ ယာဉ်အကူကို အသိပေးခဲ့ပါတယ်။

အဲဒီနောက် ဓမ္မစေတီလမ်းနဲ့ အင်းယားလမ်းထိပ်မီးပွိုင့် အရောက်မှာ အမျိုးသား ၂ ယောက် ကားပေါ်က ဆင်းကာနီး အဲဒီအမျိုးသမီး၊ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကို ဆဲဆို ကြိမ်းမောင်းသွားလို့ စမ်းချောင်းရဲစခန်းမှာ ခြောက်လှန့်မှု၊ စိတ်ငြိုငြင်အောင်ပြောဆိုမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ တို့နဲ့ အမှုဖွင့် စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့ လင်းယုန်စီမံချက် အဆင့် ၁ က တပ်ဖွဲ့ဝင်တွေ ဟာ CCTV မှတ်တမ်းကိုစစ်ဆေးရာမှာ  ပြစ်မှုကျူးလွန်သူတွေဟာ အရင်က ခါးပိုက်နှိုက်မှုနဲ့ ပြစ်ချက်ဟောင်းရှိတဲ့  သန်လျင်မြို့နယ်၊ လက်ယက်စမ်းရွာနေ စိုးလင်းထိုက် (ခ) ဖိုးလုံး၊ ကြည့်မြင်တိုင်မြို့နယ်နေ မြင့်နိုင် (ခ) ကုလား၊ ကျော်လင်းထိုက်နဲ့ ထွန်းထွန်းတို့ဖြစ်တယ်လို့ သိရှိရတဲ့အကြောင်း ထုတ်ပြန်ဖော်ပြပါတယ်။

ရဲအုပ် ဝင်းမင်းထွန်းနဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၉ ရက်နေ့က YBS ၃၆ လိုင်းမှာ အသွင်ယူ လိုက်ပါခဲ့ရာပြီး မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဃ) ဈေးမှတ်တိုင်မှာ  ခါးပိုက်နှိုက် စိုးလင်းထိုက်(ခ) ဖိုးလုံး၊ ကျော်လင်းထက်နဲ့ ဝင်းကျော်ကျော်(ခ) အူစမန်တို့ကိုဖမ်းမိပြီး မြောက်ဥက္ကလာပ မြို့မ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။

သူတို့ကို စစ်ဆေးရာမှာ အောက်တိုဘာလ ၃၁ ရက်နေ့က စိုးလင်းထိုက်(ခ)ဖိုးလုံး၊ ကျော်လင်းထက်၊

ထွန်းထွန်း၊ မြင့်နိုင်(ခ)ကုလားနဲ့ အတူပါလာတဲ့ အမည်မသိ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ၇ ယောက်တို့ဟာ YBS ၂၀ မှာ ခါးပိုက်နှိုက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။

စိုးလင်းထိုက်(ခ)ဖိုးလုံးဟာ သာကေတမြို့နယ်အတွင်း ဓားကိုင် မူးယစ်ရမ်းကားလို့ ထောင်ကျဖူး တဲ့အပြင် ၂၀၁၄ ခုနှစ်ကလည်း ကျောက်တန်း-တာမွေကားပေါ်မှာ ခါးပိုက်နှိုက်လို့ ထောင် ၁ နှစ်၊ ၂၀၁၅ ခုနှစ်က သူနဲ့အတူ ၅ ယောက်တို့ဟာ ကျောက်တန်း-တာမွေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို အုပ်စုဖွဲ့ မိုက်ကြေးခွဲ ငွေတောင်းလို့ ထောင် ၁ နှစ်ကျဖူးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းမိထားတဲ့ စိုးလင်းထိုက်(ခ)ဖိုးလုံးနဲ့ကျော်လင်းထက်တို့ကို ဆက်လက်စစ်ဆေးနေပြီး  ထွက်ပြေးနေတဲ့ ကုလား(ခ)မြင့်နိုင်၊ ထွန်းထွန်းနဲ့ အမည်မသိသူ ၃ ယောက်ကိုလည်း အမြန်ဆုံးဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013