ထိုင်းနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း တရားမဝင် တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ အွန်လိုင်းလောင်းကစား ပလက်ဖောင်းတွေကို ပိတ်ဆို့အရေးယူနေတဲ့အကြောင်း Bangkok Post သတင်းစာမှာ ဇွန် ၂၇ ရက်က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ (DES) ဝန်ကြီးဌာနက ခုလိုတရားမဝင် လုပ်ဆောင်မှုတွေကို အရေးယူနိုင်ရေး ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ကာ မူပိုင်ခွင့်ရရှိထားတဲ့ မိုနိုမက်စ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ဥပဒေချိုးဖောက်ထားတဲ့ အကြောင်းအရာတွေနဲ့ တရားမဝင် ဝက်ဘ်ဆိုက်တွေကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ဖို့ ရှိနေတယ် လို့ ဆိုပါတယ်။
ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ဒုတိယဝန်ကြီး နန်းဘွန်သီတာဆွန်ချိုင်းဟာ မိုနိုနက်စ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် နာဗာမင်ပရာဆော့ပ်နက်နဲ့ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေကို ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဒီဂျစ်တယ် ပလက်ဖောင်းတွေအပြင် ပြိုင်ပွဲရဲ့ ရေပန်းစားမှုကို အခွင့်ကောင်းယူပြီး လုပ်ဆောင်နေတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို နှိမ်နင်းမဲ့ အစီအမံတွေကို ဆွေးနွေးခဲ့ကြတာပါ။
အခုလို လုပ်ဆောင်ချက်ဟာ ဆိုက်ဘာရာဇဝတ်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှုတွေနဲ့ တရားမဝင် အွန်လိုင်းလောင်းကစားတွေကို နှိမ်နင်းမဲ့ အစိုးရရဲ့ ကျယ်ပြန့်တဲ့ ကမ်ပိန်းကို ထင်ဟပ်စေတာ ဖြစ်သလို အာဏာပိုင်တွေရဲ့ အဆိုအရ အဓိက အားကစားပြိုင်ပွဲကြီးတွေ ကျင်းပတဲ့ ကာလအတွင်းမှာ အဲဒီလို ရာဇဝတ်မှုတွေ ပိုမိုမြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒုဝန်ကြီး မစ္စနန်းရဲ့ ပြောကြားချက်အရ ဝန်ကြီးဌာနရဲ့ တရားမဝင် ဝက်ဘ်ဆိုက် စောင့်ကြည့်ရေးစင်တာဟာ ဇွန် ၁၀ ရက်ကနေ ၂၄ ရက်အထိ ကာလအတွင်းမှာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အွန်လိုင်းလောင်းကစားခြင်းတို့နဲ့ ဆက်နွှယ်နေတဲ့ လင့်ခ် (URL) ပေါင်း ၁၂,၆၇၁ ခုကို ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအထဲက လင့်ခ်ပေါင်း ၄,၄၉၆ ခုကို တရားရုံးအမိန့်နဲ့ ပိတ်ဆို့ခဲ့တာဖြစ်ပြီး ကျန်တဲ့ လင့်ခ်ပေါင်း ၈,၁၇၅ ခုကိုတော့ Facebook၊ Instagram X နဲ့ YouTube အပါအဝင် အဓိက လူမှုကွန်ရက် ပလက်ဖောင်းကြီးတွေနဲ့ ပူးပေါင်းပြီး ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား တိုက်ရိုက်ထုတ်လွှင့်ခွင့်နဲ့ အင်္ဂလန်ပရီမီယာလိဂ် အကြောင်းအရာတွေအတွက် မူပိုင်ခွင့်ရရှိထားတဲ့ မိုနိုနက်စ်ကုမ္ပဏီနဲ့ ဆွေးနွေးရာမှာတော့ တရားမဝင် ပလက်ဖောင်းတွေကို ပိုမိုမြန်ဆန်စွာ စုံစမ်းထောက်လှမ်းပြီး အရေးယူနိုင်ဖို့အတွက် အချက်အလက် မျှဝေခြင်းနဲ့ လုပ်ငန်းလည်ပတ်မှု ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ အဓိက အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပြုထားတဲ့ မူဘောင်အောက်မှာတော့ ကုမ္ပဏီအနေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ သက်ဆိုင်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ သက်သေအထောက်အထားတွေကို ဝန်ကြီးဌာနရဲ့ စောင့်ကြည့်ရေးစင်တာဆီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ဒါမှသာ အာဏာပိုင်တွေအနေနဲ့ တရားမဝင် လှုပ်ရှားမှုတွေကို တွေ့ရှိတာနဲ့ ဥပဒေအရ အရေးယူမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်မှာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ အခုလို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပိုမိုခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်တာဟာ ခိုးယူထုတ်လွှင့်မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ ဝင်ငွေဆုံးရှုံးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို၊ မူပိုင်ခွင့်တွေကို ကာကွယ်ပေးနိုင်ပြီး ဥပဒေပြင်ပမှာ လည်ပတ်နေတဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေကို အရေးယူမဲ့ အစီအမံတွေရဲ့ ထိရောက်မှုကိုလည်း တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ပြောပါတယ်။
ဒုတိယဝန်ကြီး မစ္စနန်းက အစိုးရအနေနဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီး၊ တရားမဝင် ဝက်ဘ်ဆိုက်တွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍက ပါဝင်ပတ်သက်သူတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“အခုလို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်တာဟာ တရားမဝင်လုပ်ဆောင်မှုတွေကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေမှာ ဖြစ်သလို၊ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဒီဂျစ်တယ် စီးပွားရေးတခုလုံးကို ထိခိုက်စေမယ့် ပြစ်မှုကျူးလွန်မှုတွေကိုလည်း ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။”
Source: Bangkok Post










