DVB Logo
Home
မြန်မာသတင်း
ကလေးတွင် ငလျင်ဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်သွားမည်
DVB
·
January 13, 2018
ကလေးတွင် ငလျင်ဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်သွားမည်
Donate to DVB

ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီ အနေနဲ့ ၂၀၁၈ ခုနှစ်စပိုင်းမှာ မြန်မာနိုင်ငံတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ထူးထူးခြားခြားများလာတဲ့အတွက် ကလေးဒေသနေ ပြည်သူတွေ အသက်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုတွေ ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

“နှစ်သစ်ကူးပြီး ဇန်န၀ါရီ ၁ ရက်နေ့ကနေ ခုချိန်ထိ ဇန်န၀ါရီ ၁၃ ရက်တွင်းမှာ ငလျင်လှုပ်ခဲ့တာ ၁၆ ကြိမ်လောက် ထူးထူးခြားခြား ဖြစ်ခဲ့တယ်။ ဒါပေမယ့် ငလျင် ၁၆ ကြိမ်လောက် လှုပ်ခဲ့တာဟာ သူ့ရဲ့ လှုပ်ခတ်မှုနှုန်းထားနည်းတဲ့အတွက်ကြောင့် ဒါတွေကို လူတွေက မသိရှိတာ ဖြစ်ပါတယ်။ ငလျင်ရဲ့ လှုပ်ခတ်မှုဟာ စိပ်လာတာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ပြည်သူတွေအနေနဲ့ ငလျင်ဖြစ်လာတဲ့အခါ ဘယ်လိုနေထိုင်ရမယ် ဘယ်လို ကာကွယ်ပေးရမယ်ဆိုတာကို ပြင်ဆင်ဖို့အတွက် ငလျင်ပညာပေးဆိုင်ရာ ပန်းဖလက်တွေနဲ့ ဝေငှ အသိပညာပေးသွားမယ်” လို့ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဝေလွင်ဖြိုး က ပြောပါတယ်။

ကလေးမြို့နယ်ဟာ ကျေးရွာအုပ်စု ၄၁ စုနဲ့ ရပ်ကွက်ကြီး ၁၉ ရပ်ကွက် စုစုပေါင်း အုပ်စု ၆၀ ရှိပြီး ငလျင်ပညာပေး လက်ကမ်းစာစောင်တွေကို ဘတ်ဂျက်အခက်အခဲ ရှိတဲ့အတွက် တစ်အုပ်စု ၅၀ နှုန်းသာ လတ်တလော ဖြန့်ဝေသွားမှာဖြစ်ပြီး လာမယ့် တနင်္လာနေ့ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးမှာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးဒေသဟာ ငလျင်နဲ့ ပတ်သက်ပြီး ကမ္ဘာ့နာမည်ကြီး စစ်ကိုင်းမြေငလျင်ကြော ကဘော်မြေငလျင်ကြောတို့နဲ့ နီးစပ်နေတဲ့ ဒေသဖြစ်ပြီး အခု ၂၀၁၅ အစိုးရသစ်လက်ထက်အတွင်း ၂၀၁၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က အပြင်ထန်ဆုံး ရစ်တာစကေး (၆ ဒဿမ ၈) အထိ ငလျင်လှုပ်ခဲ့မှု ကြုံတွေ့ခဲ့ဖူးတယ်လို့ ကလေးမြို့ခရိုင် မိုးဇလဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးတင်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ငလျင်ကြောငယ်တွေနဲ့ ပတ်သက်ပြီး အများအပြားရှိနေပေမယ့် ထင်ရှားတဲ့ ငလျင်ပြတ်ရွေ့တွေကတော့ စစ်ကိုင်းငလျင်ပြတ်ရွေ့၊ ကဘော် ငလျင်ပြတ်ရွေ့၊ မိုးမိတ် ငလျင်ပြတ်ရွေ့နဲ့ ကြောက်ကြမ်း ငလျင်ပြတ်ရွေ့ကြော လေးခုကတော့ ကြီးကြီးမားမား ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဒီနေ့ ၁၃ ရက်နေ့အထိ ငလျင်လှုပ်ခတ်တဲ့ အကြိမ်ရေး ၁၆ ကြိမ်အထိ ရှိလာနေပြီး ရစ်တာ စကေးအနေနဲ့ ဇန်န၀ါရီ ၁ ရက်နေ့က အနည်းဆုံး ရစ်တာစကေး (၃ ဒဿမ ၉) လှုပ်ခတ်ခဲ့တဲ့ ကလေးဝမြို့ အရှေ့ဘက် (၁၂) မိုင်ခန့်က ငလျင်လှုပ်ခတ်မှုနဲ့ ရစ်တာစကေး (၆ ဒဿမ ၀) ရှိတဲ့ ၁၂ ရက်နေ့က လှုပ်ခဲ့တဲ့ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၁၅) မိုင်ခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တို့ထိ ရှိခဲ့တယ်လို့ နေပြည်တော် မြေငလျင် ဌာန မှတ်တမ်းအရ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013