DVB Logo
Home
မြန်မာသတင်း
ရခိုင်သို့ မီဒီယာများအား ပိုမိုသွားလာခွင့်ပေးရန် ဂျပန်နိုင်ခြားရေးဝန်ကြီး တောင်းဆို
DVB
·
January 13, 2018
ရခိုင်သို့ မီဒီယာများအား ပိုမိုသွားလာခွင့်ပေးရန် ဂျပန်နိုင်ခြားရေးဝန်ကြီး တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ မီဒီယာတွေပိုပြီးသွားနိုင်ဖို့နဲ့ လုံခြုံပြီး ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO က ပြောခဲ့တာပါ။

“လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လမ်းကြောင်းတိုးချဲ့ဖို့၊ ပြည်တွင်းပြည်ပ မီဒီယာတွေ သွားလာခွင့်ပိုပြီးတော့ရရှိဖို့၊ လုံခြုံပြီး ဒုက္ခသည်တွေကိုယ့်သဘောနဲ့ ကိုယ်ပြန်လာနိုင်ဖို့၊ ပြန်လည် နေရာချထားရေး လုပ်နိုင်ဖို့နဲ့ မစ္စတာကိုဖီအာနန် အကြံပေးချက်ကို အကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အခုအချိန်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့၊ ပြန်လည်နေရာချထားနိုင်ဖို့ ကူညီ ထောက်ပံ့မှုအနေနဲ့ မြန်မာအစိုးရကို ဒုက္ခသည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးအပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးတော့  နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကောင်းမွန်စေဖို့အတွက်၊ အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာပေးရေးအပါအဝင် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှုကို ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း “ရခိုင်ပြည်နယ်ရဲ့ အခြေအနေက လူ့အခွင့်အရေးတွေရယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ လူ့အသိုင်းအဝိုင်းအကြား တင်းမာမှုတွေရှိတဲ့အတွက် အင်မတန် ရှုပ်ထွေး နက်နဲတဲ့ကိစ္စဖြစ်တယ်လို့လည်း နားလည်ထားပါတယ်။  ဦးစားပေးရမယ့် ကိစ္စကတော့ လူ့အသိုင်းအဝိုင်းတွေရဲ့ကြားမှာ ပြန်လည်သင့်မြတ်မှုကို ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ ဆိုတာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ပြန်လာဖို့ ကိစ္စကတော့ အထူးဂရုစိုက်ပြီး လူ့အသိုင်းအဝိုင်းအကြား ခွဲခြားဖို့မဟုတ်ဘဲ ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော် ဖန်တီးနိုင်ရေး ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဒီလိုမျိုး ထင်မြင်ယူဆချက်အရ ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကို ကူညီဆောင်ရွက်ဖို့ တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေ ပြန်လာရင် သေသေချာချာ ကောင်းကောင်းမွန်မွန် လက်ခံနိုင်ဖို့ ကိစ္စတွေကို ဂျပန်နိုင်ငံကနေ ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာတွေကိုလည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း “ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အင်မတန်မှ အလေးထား၊ စိတ်ဝင်စားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျမတို့ လုပ်ရတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ကိစ္စကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ်တခုတည်းကို ကွက်ပြီး ကြည့်လို့မရပါဘူး။ ရခိုင်ပြည်နယ် ဆိုတာဟာ ကျမတို့ရဲ့ ပြည်ထောင်စုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။ အဓိက အရေးကြီးတာက ရေရှည်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံးကြားထဲမှာ သင့်မြတ်မှုရှိဖို့၊ ခင်မင်မှုရှိဖို့၊ တယောက်နဲ့တယောက်ယုံကြည်မှုရှိဖို့ပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း မနေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါသေးတယ်။

ပြီတော့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013