
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာမှာ မနေ့ညနေပိုင်းက အင်ဗာတာ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းက ပြောပါတယ်။
မှော်ရှန်ကျေးရွာ အမှတ်(၂) ရပ်ကွက် ဦးမောင်မောင်ကျော်(ခ)ဦးအောင်ကျော်သန်း နေအိမ်မှာ ဆိုလာအားသွင်းစနစ်နဲ့ သွယ်တန်းထားတဲ့ အင်ဗာတာဝါယာကြိုး အပူလွန်ကဲပြီး ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာ တထပ်နေအိမ် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းနဲ့တပ်ဖွဲ့၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးနဲ့ တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ ဒေသခံပြည်သူတွေနဲ့ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်ယာဉ် ၃ စီးတို့နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ ညနေ ၃ နာရီ ၄၀ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်းကျော်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့မရဲစခန်းက မီးကိုပေါ့ဆစွာအသုံးပြုတဲ့ ဦးမောင်မောင်ကျော်(ခ) ဦးအောင်ကျော်သန်း ကို ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ကိုကိုလင်း(အင်းတော်)











