DVB Logo
Home
Lead Story
၂၀၁၈ နှစ်သစ် အီရန်ပြည်သူတို့ရဲ့ ဆန္ဒပြပွဲတွေ….
DVB
·
January 11, 2018
၂၀၁၈ နှစ်သစ် အီရန်ပြည်သူတို့ရဲ့ ဆန္ဒပြပွဲတွေ….
Donate to DVB

၂၀၁၇ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ အီရန်နိုင်ငံတဝန်းမှာ ပြည်သူလူထု ဆန္ဒပြပွဲတွေ ဆက်တိုက်လိုလို ဖြစ်လာတာကို တွေ့ရပါတယ်။ အီရန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်မြို့က ပြည်သူလူထုတွေဟာ အီရန်နိုင်ငံ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို အဓိက ဆန့်ကျင်ကန့်ကွက်ရာကစပြီး နိုင်ငံအဝန်း ပျံ့နှံ့သွားပြီး ဆန္ဒပြပွဲတွေရဲ့ ဦးတည်ချက်တွေဟာလည်း အီရန်နိုင်ငံရဲ့ ဘာသာရေး အာဏာရှင်အစိုးရနဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ အလီခါမေနီကို နိုင်ငံရေးအရ အတိုက်အခံ ဆန့်ကျင်ကန့်ကွက်မှုတွေ ပါဝင်လာခဲ့တာ တွေ့ရပါတယ်။

ပြည်သူလုထုရဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ အစိုးရအဖွဲ့ရဲ့ ခြစား အကျင့်ပျက်မှုတွေ၊ ဒေသတွင်း ပဋိပက္ခတွေမှာ အီရန်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ မကျေနပ်မှုတွေကို ဆန္ဒပြ ကန့်ကွက်လာကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ဦးတည်ချက်က အာဏာရ တည်ဆဲအစိုးရ ဖြုတ်ချရေးနဲ့ ဘာသာရေးခေါင်းဆောင် အလီခါမေနီကို ဖယ်ရှားပစ်ရေးအထိ ပါဝင်လာတာ တွေ့ရတဲ့အတွက် အီရန်ပြည်သူလူထုဟာ နိုင်ငံရေးအရ အသိတရား တိုးတက်မြင့်မားလာသလို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေကိုပါ အလေးထားလာကြပြီလို့ ပြောရမှာပါပဲ။

ဒီဆန့်ကျင်ကန့်ကွက်မှုတွေဟာ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ကန့််ကွက်ဆန္ဒပြမှု ပြီးကတည်းက အီရန်အစိုးရအဖို့ အားအကောင်းဆုံး၊ အပြင်းထန်ဆုံး ပြည်တွင်းကန့်ကွက်ဆန္ဒပြမှု ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အစိမ်းရောင်လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေရဲ့ ရည်ရွယ်ချက်၊ အကြောင်းရင်းနဲ့ ကြွေးကြော်သံတွေနဲ့လည်း မတူကွဲပြားတာ တွေ့ရပါတယ်။ တချို့ လေ့လာသုံးသပ်သူတွေက အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ အုပ်ချုပ်ရေးက ချမှတ်ဆောင်ရွက်နေတဲ့ လူမကြိုက်တဲ့ စီးပွားရေးမူဝါဒတွေရဲ့ အကျိုးဆက်တွေပဲလို့ ဆိုပါတယ်။ တချို့ လေ့လာသုံးသပ်သူတွေကတော့ ဘာသာရေး အာဏာရှင်အစိုးရနဲ့ သူ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အလီခါမေနီဟာ ဆန့်ကျင်ကန့်ကွက် မငြိမ်မသက်ဖြစ်မှုတွေရဲ့ တကယ့် အကြောင်းရင်းခံ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီအီရန်ပြည်သူလူထုတွေရဲ့ အစိုးရ ကန့်ကွက်ဆန္ဒပြမှုတွေဟာ နိုင်ငံရဲ့ တချို့ဒေသတွေမှာ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားတာတွေလည်း ရှိလာခဲ့ပါတယ်။ ဆန္ဒပြလူထုကြီးက ပုလိပ်ဌာနတွေ၊ စစ်သားတွေနဲ့ စစ်တပ် အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာတွေ၊ မီးရှို့တာတွေအထိ လုပ်ဆောင်လာကြပါတယ်။

၂၀၁၈ ခုနှစ် ကူးပြောင်းခါစ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ဆန္ဒပြသူ အနည်းဆုံး ၂၁ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက် အသတ်ခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်ကို အီရန်နိုင်ငံက သွေးနဲ့ စဖွင့်ခဲ့တယ်လို့ ပြောရမလိုပါပဲ။ နောက် ကန့်ကွက်ဆန္ဒပြသူ တထောင်ကျော်လည်း အဖမ်းခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက အီရန်ပြည်သူ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ အင်တာနက်အသုံးပြုမှုကို တားဆီးဖြိုခွင်းနေတာတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

တကယ်တော့ ခုလက်ရှိ အီရန်အစိုးရဟာ ၁၉၇၉ ခုနှစ်မှာ ရူဟိုလာ ခိုမေနီ ခေါင်းဆောင်တဲ့ ဘာသာရေးအရ အစ္စလာမ္မစ် ရီပတ်ဘလစ် တည်ထောင်ဖို့ ဖာလဝီမင်းဆက်ကို ဖြုတ်ချခဲ့တဲ့အချိန်ကစပြီး အာဏာရလာတဲ့ အစိုးရလို့ ဆိုပါတယ်။ အဲဒီအချိန်ကတည်းက အီရန်နိုင်ငံဟာ ပြည်တွင်းရေးမှာရော နိုင်ငံတကာ အရေးမှာပါ ရှေးရိုးစွဲဝါဒကို ကိုင်စွဲခဲ့၊ ဘာသာရေးအရ ချဉ်းကပ်မှုတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ အီရန်နိုင်ငံ အစိုးရရဲ့ နျူကလီးယား အစီအစဉ်ကို နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ ရှိလာပြီး နိုင်ငံတကာက အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အရောက်မှာတော့ အီရန်အစိုးရက ထိပ်သီး အင်အားကြီးနိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီး စီးပွားရေးအရ ဖြေလျှော့မှုတွေ ရအောင် ကြိုးစားလာခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီ အရေးယူပိတ်ဆို့မှုတွေက အီရန်နိုင်ငံရဲ့ ငွေကြေးစနစ်ကို မတည်မငြိမ် ဖြစ်လာစေ၊ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုတွေကို ဖြစ်ပေါ်လာစေခဲ့သလို အလုပ်လက်မဲ့ ဖြစ်ပွားမှုတွေကိုလည်း မြင့်တက်လာစေခဲ့တယ်လို့ ဆိုပါတယ်။ အီရန် အတော်များများကတော့ အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလာရင် စီးပွားရေး အောင်မြင်မှုတွေ ရလာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အကျိုးဖြစ်လာတာတွေက သာမန် အီရန်ပြည်သူလူထုတွေရဲ့ ဘဝတွေကိုတော့ တိုးတက်ကောင်းမွန်အောင် လုပ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မကြာသေးခင်ကာလက စီးပွားရေး အခက်အခဲ အကျပ်အတည်းတွေက စီးပွားရေး ဆန့်ကျင်ကန့်ကွက်မှုတွေကို ဖြစ်ပေါ်လာစေခဲ့သလို အီရန်အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ပိုပြီး ပေါ်လွင်လာစေတယ်လို့ အကဲခတ်သူတွေက ဆိုပါတယ်။

အီရန်စာရေးဆရာ မဂျစ် မိုဟာမဒီကတော့ ၂၀၁၇ ခုနှစ် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အကြောင်းရင်းခံ ၃ ခုကြောင့်ဖြစ်တယ်လို့ ချပြခဲ့ပါတယ်။ အဲဒါတွေကတော့ အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှု၊ စီးပွားရေးအခက်အခဲ အကျပ်အတည်းတွေနဲ့ ဘာသာရေး အာဏာရှင်စနစ်ကြောင့်ပါပဲ။ သူ့ရဲ့အမြင်က ဆန္ဒပြသူတွေဟာ အစ္စလာမ္မစ် တရားသူကြီးတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဟာ နဂိုအခြေအနေကိုသာ ထိန်းသိမ်းပေးတာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အလားအလာမရှိဘူးလို့ ယုံကြည်လာကြပြီး ၂၀၁၇ ခုနှစ် ကန့်ကွက်ဆန္ဒပြမှုတွေရဲ့ မြင်သာထင်ရှားအရှိဆုံး ပစ်မှတ် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် အီရန် ကန့်ကွက်ဆန္ဒပြမှုတွေဟာ ၂၀၀၉ ခုနှစ် အီရန်သမ္မတ ရွေးကောက်ပွဲ ဆန္ဒပြမှုပြီးကတည်းက အကြီးမားဆုံး ကန့်ကွက်ဆန္ဒပြမှုတွေပဲ ဖြစ်တယ်လို့ ပြောရမှာပါပဲ။

အမျိုးသား အီရန်-အမေရိကန်ကောင်စီရဲ့ လက်ရှိဥက္ကဋ္ဌနဲ့ တည်ထောင်သူ ထရီတာပါဆီကတော့ ဒီကန့်ကွက်ဆန္ဒပြပွဲတွေမှာ အဓိကပါဝင်သူတွေဟာ ၂၀၀၉ ခုနှစ် အီရန်သမ္မတ ရွေးကောက်ပွဲမှာ ကန့်ကွက်ဆန္ဒပြသူတွေနဲ့ မတူကြဘူးလို့ ပြောပါတယ်။

ပါဆီက ဆန့်ကျင်ကန့်ကွက်သူတွေဟာ အဓိကအနေနဲ့ အီရန် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအပေါ် အမြင်လွဲနေသူတွေ ဒါမှမဟုတ် အဲဒီလှုပ်ရှားမှုကို ဘယ်တုန်းကမှ မထောက်ခံခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် ပြုပြင်ပြောင်းလဲရေးဝါဒီတွေကတော့ အဲဒီကန့်ကွက်ဆန္ဒပြမှုတွေကို အံအားသင့်နေခဲ့ကြပြီး ဆန္ဒပြသူတွေကို ထောက်ခံတဲ့အနေနဲ့ ဘယ်သူမှ ထွက်မလာခဲ့ကြပါဘူး။ ဆန္ဒပြသူတချို့က အီရန်တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ မင်းဆက်က ရေဇာရှားကို ချီးကျူးတဲ့ ကြွေးကြော်သံတွေနဲ့ မိုဟာမက် ရေဇာ ဖာလဝီနဲ့ သူ့ရဲ့သား အီရန်အိမ်ရှေ့မင်းသား ရေဇာဖာလဝီတို့ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

“ခါမေနီ ရှက်ဖွယ်၊ နိုင်ငံက တယောက်တည်း ထွက်သွား”  “ အာဏာရှင် သေပါစေ” စတဲ့ ကြွေးကြော်သံတွေအပြင် “မူလာတွေက ဘုရားတွေလို နေတဲ့အချိန်မှာ ပြည်သူတွေက သူတောင်းစားတွေလို နေနေရတယ်” စတဲ့ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ လူတွေကို ကန့်ကွက်ဆန့်ကျင် ကြွေးကြော်ခဲ့ကြပါတယ်။

ဒီလို အစိုးရဆန့်ကျင်ရေး၊ ဘာသာရေး အာဏာရှင် ဖြစ်နေတဲ့သူတွေကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ပေါက်ကွဲလာခဲ့တာဖြစ်ပြီး မက်ရှ်ဟက်ဒ်၊ မြို့တော် တီဟီရန်နဲ့ နက်ဗ်ရှားဗား၊ ခက်ရှ်မာ၊ ရတ်ဇ်ဒ်နဲ့ ရှရောက်ဒ် စတဲ့ နေရာတွေမှာလည်း ဆက်တိုက်လိုလို ဖြစ်ပျက်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ဆိုရှယ်မီဒီယာတွေသုံးပြီး စည်းရုံးလှုံ့ဆော်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လူစုလူဝေးကြီးက “ကျုပ်တို့ အစ္စလာမ္မစ်နိုင်ငံတော် မလိုချင်ဘူး” “ရိုဟာနီ သေပါစေ” “အာဏာရှင် သေပါစေ” လို့တောင် ကြွေးကြော်ခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါဟာ အစ္စလာမ္မစ်နိုင်ငံတခုမှာ မကြုံစဘူး ဖြစ်လာခဲ့တဲ့ လူထု ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ ပြောရင် မှားမယ်မဟုတ်ပါဘူး။ တူနီးရှားနိုင်ငံက စခဲ့တဲ့ အာရပ်နွေဦး လှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ဖြစ်ခဲ့တာကို သတိရကြဦးမှာပါ။ အဲဒီ အာရပ်နွေဦး လှုပ်ရှားမှုတွေတုန်းက ဒီမိုကရေစီရေး ကြွေးကြော်သံတွေပဲ လွှမ်းဖုံးနေခဲ့တာဖြစ်ပြီး ဘာသာရေး အထူးသဖြင့် အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီ ၂၀၁၇ နှစ်ကုန်ပိုင်းကစခဲ့ပြီး ၂၀၁၈ နှစ်သစ်ထဲအထိ ဆက်တိုက်လိုလို ဖြစ်လာနေတဲ့ အီရန်ပြည်သူလူထုရဲ့ အစိုးရ ဆန့်ကျင်ရေး၊ ဘာသာရေး အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကတော့ မတရားတဲ့ အုပ်ချုပ်ရေး၊ ဘာသာရေး၊ အာဏာရှင်စနစ်တွေကိုပါ အဲဒီဘာသာ ကိုးကွယ်ယုံကြည်တဲ့ ပြည်သူလူထုက ကန့်ကွက်ဆန့်ကျင်လာတာကို ပထမဆုံး တွေ့မြင်ရတာ ဖြစ်ပါတယ်။

အီရန် ပြည်သူလူထုတွေရဲ့ တိုးတက်ပြောင်းလဲလာတဲ့ အမြင်လို့ ပြောရမှာပါပဲ။ မတရားတဲ့ အုပ်ချုပ်ရေးစနစ်၊ အာဏာရှင်ဆန်တဲ့ ဘာသာရေး အုပ်ချုပ်ရေးတွေကို လက်သင့်မခံတော့ဘူး ဆိုတာကို ပြသလာတာ ဖြစ်တယ်လို့ သုံးသပ်ရမှာပါပဲ။

မတရားတဲ့ ဥပဒေတွေ ပြဋ္ဌာန်း၊ မတရား အုပ်ချုပ်နေမှုတွေ၊ ဘာသာရေးအရ မတရား အာဏာထူထောင် လွှမ်းမိုးလာမှုတွေကိုတော့ ဘယ်နိုင်ငံက ပြည်သူလူထုကမှ လက်သင့်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။ လက်သင့်လည်း မခံသင့်ပါဘူး ဆိုတဲ့အကြောင်း။       ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013