DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် လယ်မြေများပေါ်မှ ခွင့်ပြုချက်မဲ့အုတ်လုပ်ငန်းများ အရေးယူဆောင်ရွက်မှု မရှိသေး
DVB
·
January 11, 2018
ပေါင်မြို့နယ် လယ်မြေများပေါ်မှ ခွင့်ပြုချက်မဲ့အုတ်လုပ်ငန်းများ အရေးယူဆောင်ရွက်မှု မရှိသေး
Donate to DVB

သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာမှာရှိတဲ့ ကွင်းအမှတ် ၈၀၁ အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေတွေပေါ် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို သက်ဆိုင်ရာဌာနတွေကို တိုင်ကြားထားခဲ့ပေမယ့် ဒီနေ့အချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖလပ်ကျေးရွာမှ ဒေသခံတဦးဖြစ်တဲ့ ကိုကျော်ဦးက “ဟိုးအရင်တုန်းကတော့ ဒီအုတ်ဖိုလုပ်ငန်းကို စားကျက်မြေတွေမှာ လုပ်ကြတယ်။ နောက်ပိုင်း စားကျက်မြေတွေပေါ်မှာ လုပ်ခွင့်မရှိဘူးလို့လည်းဆိုရော လယ်ယာမြေပေါ်မှာလာပြီး လုပ်ကိုင်ကြတာပါ။ ကျနော်တို့ အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးတို့ မြို့နယ်ထွေအုပ်တို့ဆီ တိုင်စာတွေ ပို့ထားပါတယ်။ သူတို့က လုပ်ပေးမယ်လုပ်ပေးမယ်ဆိုပြီး ပပျောက်ခဲ့တာများပါတယ်။ တခါမှ မထိရောက်ခဲ့ပါဘူး” လို့ ပြောပါတယ်။

ဖလပ်ကျေးရွာမှာရှိတဲ့ အုတ်ဖုတ်လုပ်ငန်းတွေမှာ တရားဝင်ခွင့်ပြုချက်မရရှိဘဲ လူနေအိမ်အနီး စပါးစိုက်ပျိုးနေတဲ့ လယ်မြေနေရာတွေမှာ လုပ်ကိုင်နေတာဖြစ်ပြီး အုတ်ဖိုက ထွက်ရှိတဲ့ အနံ့ဆိုးတွေကြောင့် သက်ကြီး ရွယ်အိုတွေ၊ ကျောင်းသားကျောင်းသူကလေးတွေနဲ့ မီးဖွားမိခင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နေလို့ ဒေသခံတွေက သက်ဆိုင်ရာဌာနတွေထိ တင်ပြတိုင်တန်းထားတာဖြစ်ပါတယ်။

ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “ဒီကိစ္စကို ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ၃ ကြိမ်တိုင်တိုင်တားမြစ်ခဲ့ပြီးပါပြီ။ မြို့နယ်လယ်/စီအဖွဲ့ကလည်း သူတို့တွေကိုခေါ်တွေ့ပြီး သတိပေးတားမြစ်ပြီး လယ်ယာမြေဥပဒေနဲ့ ပတ်သက်လို့ ကျခံရမယ့် ပြစ်ဒဏ်တွေကို ရှင်းပြတာတွေလုပ်ဖို့ ရှိပါတယ်။ အဲဒီအခါမှထပ်ပြီး လိုက်နာမှုမရှိရင်တော့ လယ်ယာမြေဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး စားကျက်မြေပေါ်မှာ ကျူးလွန်တဲ့ တယောက်ကိုလည်း လိုက်နာမှုမရှိရင်တော့ အောက်မြန်မာပြည်မြေနက်ခွန်ဥပဒေ ၁၀၇(ဆ)နဲ့ တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။

ပေါင်မြို့နယ်အတွင်းရှိ ဥတ္တံတားကျေးရွာနဲ့ ဖလပ်ကျေးရွာမှာ စုစုပေါင်းအုတ်ဖုတ်လုပ်ငန်း ၇ ခုရှိကာ လယ်ယာမြေပေါ်မှာ လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးနဲ့ စားကျက်မြေပေါ်မှာ လုပ်ကိုင်သူ ၁ ဦးရှိပြီး ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နဲ့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့ရဲ့ တားမြစ်ချက်ကို လိုက်နာမှုမရှိပါက အမြန်ဆုံးတရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်လို့ ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးက ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ကိုယ့်ရွာကလူတွေပဲ ဒီလုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေကလည်း ကိုယ့်ရွာကဖြစ်နေတော့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေရမှာစိုးလို့ ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတာကိုပဲ အထက်ကို တင်ပြရတာပါ။ အပေါ်ကညွှန်ကြားချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျနော်တို့အနေနဲ့က ဒီလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါလို့ ပြောဆိုပိုင်ခွင့်မရှိပါဘူး” လို့ ဖလပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကပြောပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013