DVB Logo
Home
မြန်မာသတင်း
အန္တရာယ်ရှိ စားသောက်ကုန်ရောင်းချသူများအား အဆင့် ၃ ဆင့်ဖြင့် အရေးယူမည်
DVB
·
January 11, 2018
အန္တရာယ်ရှိ စားသောက်ကုန်ရောင်းချသူများအား အဆင့် ၃ ဆင့်ဖြင့် အရေးယူမည်
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ အန္တရာယ်ရှိ စားသောက်ကုန် ရောင်းချသူတွေကို အဆင့် ၃ ဆင့် သတ်မှတ်ပြီး တဆင့်ချင်း အရေးယူသွားဖို့ ရှိနေတယ်လို့ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီက သိရပါတယ်။

မကွေးတိုင်းအတွင်း စားသောက်ကုန် ထုတ်လုပ်ရောင်းချ၊ ဖြန့်ချိနေတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာက ရှောင်တခင် စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး အရေးယူဖို့ရှိနေတာ ဖြစ်ပါတယ်။

အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာပြည့်ထူးက “ပထမအကြိမ် ပြင်းထန်စွာ သတိပေးပြီး ပစ္စည်းသိမ်းမယ်။ ဖျက်ဆီးမယ်။ ဒုတိယအကြိမ် သက်ဆိုင်တဲ့ လိုင်စင်တွေသိမ်းမယ်။ FDA က ထုတ်ပေးထားတာ ရှိတယ်။ စည်ပင်လိုင်စင်၊ စက်မှုကြီးကြပ်လိုင်စင်တွေရှိတယ်။ ဒါတွေ ရုပ်သိမ်းသွားမယ်။ တတိယအကြိမ် ဆိုရင်တော့ တရားဥပဒေလမ်းကြောင်းအရ ဆက်လုပ်သွားပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စားသောက်ကုန်တွေထဲမှာ  တားမြစ်ဓာတုဆေး၊ ဆိုးဆေး၊ ဖော်မလင်တွေ ပါဝင်မှုရှိမရှိနဲ့ သက်တမ်းလွန်အစားအစာတွေဟုတ်မဟုတ် အဓိက စစ်ဆေးမှာဖြစ်တယ်လို့ လည်း  ဒေါက်တာပြည့်ထူးကပြောပါတယ်။

“အဓိက ဖော်မလင်ပေါ့။ ပဲပြားတို့၊ မုန့်ဖတ်တို့ကို ဈေးတွေထဲမှာ စစ်သွားမယ်။ ဒိတ်လွန်တဲ့ ကိစ္စတွေအပြင် ဆိုးဆေးနဲ့ပတ်သက်ပြီး တရားလွန် ဆိုးဆေးတွေ သုံးထားသလား။ တရားလွန် ဆိုတဲ့နေရာမှာ ခွင့်ပြုချက်ရှိတဲ့ ဆိုးဆေးကို တရားလွန်ဆိုးထားတာ ရှိလား။ ဒါဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ဒါတွေကိုလည်း ထိန်းချုပ်သွားမယ်။ သုံးစွဲခွင့် ပြုမထားတဲ့ ဆိုးဆေးတွေ သုံးထားတယ်လို့ သံသယရှိရင် ဝယ်မယ်၊ စစ်မယ်။ စစ်လို့ တွေ့ရင် ဒါတွေကိုပါ ဆက်တိုက် အရေးယူသွားဖို့ရှိတယ်။”

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း အဖွဲ့နဲ့ တိုင်းကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းအောင်ကြည် အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူတွေ စားသောက်ကုန် ဘေးကင်းလုံခြုံရေးအတွက် ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013