DVB Logo
Home
Lead Story
ရိုက်တာသတင်းထောက်နှစ်ဦးအား စစ်ဆေးမေးမြန်းသည့် တရားသူကြီးနှင့် မေးမြန်းချက်
DVB
·
January 11, 2018
ရိုက်တာသတင်းထောက်နှစ်ဦးအား စစ်ဆေးမေးမြန်းသည့် တရားသူကြီးနှင့် မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို စစ်ဆေးမယ့် ရန်ကုန်မြောက်ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး (၆) ဦးရဲလွင်ကို ဒီဗွီဘီသတင်းထောက် ပြည့်ဘုန်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ဒီနေ့ သတင်းထောက် နှစ်ဦးကို တရားစတင်စွဲလိုက်တဲ့ အခြေအနေကို ပြောပါပေးပါဦး။

ဖြေ - ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်မှုကြီး အမှတ် ၄ နဲ့ တရားလို ဒုတိယရဲမှူးကြီး ယုနိုင်က သက်ဦးမောင် ခေါ် ဝလုံးနဲ့ ကျော်စိုးဦး ခေါ် မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃၁ (ဂ) အရ တရားစွဲဆို တင်ပို့လိုက်ပါတယ်။ အမှုအမှတ်က ၄/၂၀၁၈ နဲ့ပါ။ ဒီနေ့ ရုံးချိန်းမှာ တရားခံ သက်ဦးမောင် ခေါ် ဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် မိုးအောင်တို့ရဲ့ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်တို့က ကိုယ်စားလှယ်စာ တင်သွင်းခဲ့ပါတယ်။

မေး - ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ပတ်သက်ပြီး တရားခွင်မှာ ရှေ့ နေတွေက ဘယ်လို လျှောက်လဲချက်တွေ ပေးခဲ့ပါသလဲ။

ဖြေ - ရုံးချိန်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးရဲ့ ရှေ့နေတွေက ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၂) အရ အမှုကနေ ချုပ်လွတ်ထုချေခွင့် အာမခံကို လျှောက်ထားခဲ့ပါတယ်။

မေး - အာမခံလျှောက်ထားမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဘယ်လို ဆုံးဖြတ်သွားမှာလဲ။

ဖြေ - အာမခံလျှောက်ထားမှုနဲ့ပတ်သက်ပြီး တရားလို နိုင်ငံတော်ဘက်က အမှုလိုက်ပါ ဆောင်ရွက်တဲ့ ဥပဒအရာရှိတွေက အာမခံလျှောက်ထားခြင်းအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နှစ်ဖက် လျှောက်လဲချက် ပေးလိုတာကြောင့် ဒီနေ့အမှုကို တရားစစွဲဆိုတဲ့နေ့မှာ ကျယ်ကျယ်ပြန့်ပြန့် လျှောက်လဲချက်ပေးဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် နောက်ရုံးချိန်းမှာ လျှောက်လဲချက် အပြန်အလှန် ပေးပြီးမှ အာမခံအတွက် ဆုံးဖြတ်သွားမှာပါ။

မေး - ရုံးချိန်းကိုကော ဘယ်နေ့ ပြန်လည်ချိန်းဆိုထားပါသလဲ။

ဖြေ - ရုံးချိန်းကိုတော့ နောက်အပတ် အင်္ဂါနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်မှာ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် နားထောင်ပြီး အာမခံအတွက် ဆုံးဖြတ်သွားမှာပါ။

မေး - နောက်ရုံးချိန်းမှာ ဘယ်သူ့ကို အရင်ဆုံး စစ်ဆေးသွားမှာလဲ။

ဖြေ - နောက်ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ ဒုရဲမှူးကြီးယုနိုင်ကို စတင်စစ်ဆေးဖို့အတွက် ကျနော်တို့ တရားရုံးကနေ ရဲပုံစံ-၁၀၄ ကို တရားလိုဘက်ကို ပေးပို့သွားမှာပါ။ အဲဒီနေ့မှာ အမှုကို စတင်စစ်ဆေးသွားမှာပါ။

မေး - ဒီအမှုမှာ တရားလို သက်သေ ဘယ်လောက်ထိ တင်ပြထားပါသလဲ။

ဖြေ - ဒီအမှုမှာတော့ တရားစွဲအဖွဲ့အစည်းက တရားလိုပြ သက်သေကို ၂၅ ဦးကို အမည်စာရင်း တင်ပြထားပါတယ်။

မေး - လိုပြသက်သေ ၂၅ ဦးထဲမှာ ဘယ်သူတွေ ပါသေးလဲ။

ဖြေ - အမှုတွဲစာရင်းမှာတော့ အသေးစိတ် ပါပါတယ်။ ဒါပေမယ့် အမှုတွဲစာရင်းတွေ ဖြစ်တာကြောင့် အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး။ တရားခွင်သက်သေ အရည်အသွေးတွေ ပါဝင်တာကြောင့် ဘယ်သူဘယ်ဝါဆိုကတော့ ပြောလို့ မရပါဘူး။ ဒီအမှုတွဲကို နှစ်ဖက်စလုံးက ကြည့်ရှုပြီးသွားပါပြီ။

မေး - သတင်းထောက်နှစ်ဦးနဲ့အတူ ဖမ်းဆီးလိုက်တဲ့ ရဲနှစ်ဦးကိုကော ဒီအမှုတွဲမှာ တင်ပို့တာ ရှိပါသလား။

ဖြေ - ဒီနေ့ ရဲတပ်ဖွဲ့က တရားစစွဲဆိုတဲ့ အမှုတွဲ ၄/၂၀၁၈ မှာတော့ သတင်းထောက် နှစ်ဦးပဲ ပါဝင်ပါတယ်။ တခြားတော့ မပါပါဘူး။ ရဲနှစ်ယောက်နဲ့ပတ်သက်တဲ့ ကိစ္စကတော့ တရားလိုဘက် ရဲတပ်ဖွဲ့ပဲ သိပါလိမ့်မယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013