DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သမားများ ထပ်မံတိုက်ခိုက်နိုင်ဟု ရခိုင်ဝန်ကြီးချုပ်ပြော
DVB
·
January 11, 2018
အကြမ်းဖက်သမားများ ထပ်မံတိုက်ခိုက်နိုင်ဟု ရခိုင်ဝန်ကြီးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်သမားတွေ ထပ်မံဝင်ရောက်တိုက်ခိုက်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ရခိုင်ပြည် မောင်တောအခြအနေကို လေ့လာဖို့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဦးဆာင်တဲ့ သတင်းမီဒီယာတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရရုံးအဖွဲ့မှာ အခုလိုပြောဆိုလိုက်တာပါ။

“ဒီလို ဝင်ရောက်လာနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကလည်း အမြဲတမ်းလိုလိုရနေတယ်။ သူတို့ဟိုဘက်မှာ ဘယ်လိုပြင်ဆင်ထားတယ်။ ဘယ်လို လေ့ကျင့်ထားတယ်။ လေ့ကျင့်ပြီးတော့ ဘယ်လိုပြန်ပြီး ဒီဘက်ကို ဝင်လာမယ်။ ဘယ်ရက်ဝင်လာမယ်အထိမျိုးတွေ ဒါတွေကတော့ သတင်းတွေ။ ဒါတွေလည်းပဲ ရနေတဲ့အတွက် ကြောင့် အခုဖြစ်တဲ့ အဖြစ်ကလည်း တဖက်ကဝင်လာတဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်လို့ ဒီလို သုံးသပ်တာပေါ့။”

ဇန်နဝါရီ ၅ ရက်က တပ်မတော်ယာဉ်မိုင်းဆွဲ ခံရပြီးနောက် အကြမ်းဖက်သမားတွေ အနည်း ဆုံး ၃၀ လောက် ဝင်ရောက်နေပြီး နေရာ ၃ နေရာမှာ ဖြန့်ကြဲနေတဲ့ အနေအထားရှိနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“အဲ့ဒီလို ဝင်လာတဲ့နေရာမှာ အရေအတွက်အားဖြင့်တော့ အနည်းဆုံး ၃၀ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းတာပေါ့။ တိတိကျကျတော့ ပြောလို့မရဘူးပေါ့။ အနည်းဆုံး လူ ၃၀ လောက်က နေရာ ၃ နေရာလောက်တော့ ဖြန့်ကြဲထားတဲ့ အနေအထားမျိုး၊ နောက်တခါ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဖြန့်ကြဲသွားတယ်ဆိုတော့ ၃ နေရာလောက် သူတို့ ဖြန့်ကြဲပြီးတော့ ခွဲထားတဲ့ အနေအထားမျိုး အဲ့လိုလည်း သတင်းရပါတယ်။ နောက်ထပ်လည်းပဲ ဝင်လာဖို့ဆိုတဲ့ သတင်းတွေရရှိနေတာကတော့ အဲ့လိုကြားသိနေရပါတယ်။”

ဇန်နဝါရီ ၅ ရက်နေ့ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း တရိန်းကျေးရွာအနီး လမ်းမပေါ်မှာ တပ်မတော် GE ကားတစီးကို အကြမ်းဖက်သမားတွေက ဆွဲမိုင်းနဲ့ ဆွဲခဲ့တာကြောင့် တပ်မတော်သား ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်လည်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်သမားတွေ တိုက်လာနိုင်တဲ့ အနေအထားတွေ ရှိနေတဲ့အတွက် တဖက်နိုင်ငံက ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး၊ နေရာချထားရေးအပါအဝင် ဒေသခံတွေရဲ့ လုံခြုံမှုအပိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နေရာတွေကိုတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဆက်လက် ဖြန့်ကြဲချထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံးခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က မီဒီယာတွေကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိကာရံထားတဲ့ နယ်စပ်ခြံစည်းရိုးတွေကို အဆင့်မြှင့်တင်ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013