DVB Logo
Home
မြန်မာသတင်း
တရုတ်နှစ်သစ်ကူးကာလ ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ
DVB
·
January 10, 2018
တရုတ်နှစ်သစ်ကူးကာလ ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ တရုတ်နှ်စ်သစ်ကူးရာသီချိန်အမီ ပေါက်ပေါက်လုပ်ငန်း တပိုင်တနိုင် လုပ်ကိုင်သူတွေ အဆင်ပြေနေကြပါတယ်လို့ လုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

မိုးညှင်း အရှေ့စု ၂-လမ်း၊ မိုးဝိန်းလူမျိုး ပေါက်ပေါက်လုပ်ငန်း လုပ်ကိုင်သူ မကြူကြူက “ကျမတို့က ဒီနှစ်သစ်ကူးရာသီချိန်လေးပဲ အဆင်ပြေတာ။ ကျန်တဲ့လတွေဆို မလုပ်ကြဘူး။ ဒီရာသီကိုတော့ အားစိုက်ပြီး လုပ်ရတယ်။ ပင်ပန်းလည်း ပင်ပန်းတယ်။ ပင်ပန်းသလောက်လည်း အဆင်ပြေတယ်” လို့ ပြောပါတယ်။

တရုတ်နှစ်သစ်ကူးဖို့ တလကျော်လိုနေသေပြီး ပေါက်ပေါက်ကို မိုးဝိန်းလူမျိုးအများစုက တပိုင်တနိုင် လုပ်ကိုင်ကြတာပါ။ ပေါက်ပေါက်လုပ်တဲ့ ကောက်ညှင်းဆန်က တခြားမြို့ထွက် ကောက်ညှင်းဆန်ထက် အရည်အသွေးကောင်းမွန်တဲ့အတွက် ပေါက်ပေါက်ကို မိုးညှင်းမြို့မှာ အများဆုံး လုပ်တာလို့ ပြောပါတယ်။

“ကျမတို့မိသားစုက နှစ်ဦးတည်းပဲ လုပ်တာဆိုတော့ ကောက်ညှင်းဆန် ၁၀ အိတ်ပဲ လုပ်တယ်။ သူများတွေက မိသားစုများတော့ တဦးကို ၅၀၊ ၆၀ လုပ်တယ်။ များများလုပ်တော့ ကိုက်တာပေါ့။ ကျမ လက်တွေ ကြည့်ပါဦး။ သဲနဲ့ ရေနဲ့ မီးနဲ့ လုပ်တော့ လက်တွေကွဲကုန်ပြီ။ ဒီရာသီပဲ ငွေများများရတော့ ကြိုးစားလုပ်ရတာပေါ့”လို့ မကြူကြူက ပြောပါတယ်။

နှစ်သစ်ကူးပေါက်ပေါက်ကို မိုးညှင်းမြို့မှာရှိတဲ့ မြန်မာပြည်ဖွား (တရုတ်အနွယ်ဝင်) မိုးဝိန်းလူမျိုးတွေက လုပ်ကိုင်ကြတာပါ။ ဓာတုဆေးဝါး မပါဝင်ဘဲ သဘာဝအတိုင်း ပြုလုပ်တာပါ။

နှစ်သစ်ကူးမှာ ပေါက်ပေါက်ကတော့ မပါမဖြစ် စားစရာတမျိုး ဖြစ်ပြီး စီးပွားရေး ကောင်းမွန်ဖို့ ရည်ရွယ်ပြီး နွားနို့၊ နို့ဆီနဲ့ ရောစားကြလေ့ရှိပါတယ်။

ပေါက်ပေါက်လုပ်ငန်းကို မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ တာမခန်၊ မန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့များကို အဓိကထား တင်ပို့ကြတာဖြစ်ပြီး တပြည်ကို ၈၅၀ ကျပ်နဲ့ ရောင်းပါတယ်။

တရုတ်နှစ်သစ်ကူးဟာ ဖေဖော်ဝါရီ ၁၆ မှာ ကျရောက်မှာဖြစ်ပြီး ကြက်နှစ်ပြီးရင် ခွေးနှစ်ကို ရောက်မှာဖြစ်ပါတယ်။  ခွေးနှစ်ဟာ ကြက်နှစ်ထက် စီးပွားရေး ပိုမိုအောင်မြင် ဖြစ်ထွန်းနိုင်မယ့်နှစ် ဖြစ်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013