DVB Logo
Home
မြန်မာသတင်း
မေတ္တာရှင် အခမဲ့လူငယ်သွေးလှူရှင်များအသင်း ရေရှည်ရပ်တည်ရန် အခက်ကြုံနေ
DVB
·
January 10, 2018
မေတ္တာရှင် အခမဲ့လူငယ်သွေးလှူရှင်များအသင်း ရေရှည်ရပ်တည်ရန် အခက်ကြုံနေ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေစိုက် မေတ္တာရှင် အခမဲ့ လူငယ်သွေးလှူရှင်အသင်း ငွေကြေးအခက်အခဲကြောင့် ရေရှည်ရပ်တည်နိုင်ဖို့ အခက်ကြုံနေတယ်လို့ သိရှိရပါတယ်။

၂၀၁၅ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ သွေးလှူရှင်အသင်းမှာ  အသင်းဝင်ဦးရေ ၂၅၀ ရှိပြီဖြစ်ပြီး မကွေးတိုင်းဒေသကြီး မကွေးဆေးရုံ၊ ငဖဲ၊ ပဒါန်းဆေးရုံ၊ မင်းဘူးခရိုင်ဆေးရုံ၊ မင်းလှမြို့နယ်၊ ရေနံမဆေးရုံအပြင် မကွေးတိုင်းအတွင်း ဆေးရုံတွေကို သွေးပုလင်းပေါင်း ၃၀၀ ကျော် အခမဲ့လှူဒါန်းထားပြီးဖြစ်ပါတယ်။

မေတ္တာရှင် အခမဲ့ လူငယ်သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးလွှမ်းမိုးက “လက်ရှိ ကြုံတွေ့နေတဲ့ အခက်အခဲကတော့ ငွေကြေးပါ။ အသင်းရန်ပုံငွေ လုံလောက်မှုမရှိဘူး။ နိစ္စဓူဝ အသင်းပိုင် ကားလေးနဲ့ မိမိစရိတ်နဲ့မိမိ မကွေးဆေးရုံကြီးဆိုရင် တနေ့ နှစ်ခေါက်လောက် အခမဲ့ သွားရောက်လှူဒါန်းတယ်။ ရေရှည်ကျတော့ ကားဆီဖိုး၊ ကားပြင်စရိတ်အပြင် တခြားအထွေထွေ စရိတ်တွေနဲ့ ကုန်ကျမှုများတယ်။ ရေရှည်ရပ်တည်ဖို့ မလွယ်ဘူး။ ဘေးအလှူရှင်လေးတွေ ပေါ်မယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာတာပေါ့။”

အသင်းရပ်တည်နိုင်ဖို့အတွက် အဆင်ပြေတဲ့ အသင်းသား ၆၀ လောက်က တလ ၁၀၀၀ ကျပ်စီထည့်ဝင်ပြီး ရပ်တည်နေရတာဖြစ်ပါတယ်။

ပဒါန်းတိုက်နယ် ဆရာဝန် ဒေါက်တာနန်းဝင်းက “ကျနော် ခွဲခန်းဝင်ပြီဆိုရင် သူတို့အဖွဲ့က ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်သင့် စောင့်နေတာ။ တချို့မွေးလူနာတွေဆိုရင် သွေးလိုအပ်ချက် ရှိတယ်။ သူတို့အဖွဲ့ကတော့ အဆင်သင့်ပဲ၊ တခါတလေ ညဘက် ခွဲခန်းဝင်တဲ့အချိန် အဆင်သင့်ဆိုတော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ သူတို့အဖွဲ့က ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အားကိုးရတဲ့ အင်အားတခုပါပဲ”လို့ ဆိုပါတယ်။

ပဒါန်းဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ကုန်းသာကျေးရွာက ဒေါ်ဂျမ်းက “ကျမ ဆေးရုံတက်ပြီး အရေးပေါ် သွေးလိုအပ်တဲ့အချိန်မှာ မေတ္တာရှင် သွေးလှူရှင်အသင်းကို အကူအညီတောင်းတော့ အခမဲ့ လာလှူပါတယ်။ ကျမလည်း သက်သာပြီး ဒီနေ့ ဆေးရုံက ဆင်းမှာပါ။ သွေးလှူရှင် အသင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်”လို့ ပြောပါတယ်။

မေတ္တာရှင် သွေးလှူရှင်များအသင်းဝင် ဦးအောင်လေးက “ကျနော် အခု ငဖဲမြို့နယ် ပဒါန်းဆေးရုံက B သွေးလိုတယ်ဆိုလို့ လာရောက်လှူဒါန်းတာပါ။ ဒါနဲ့ဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ကျနော်တို့အသင်းက အခမဲ့ လှူဒါန်းပေးတာပါ” လို့ ပြောပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013