DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခကြောင့်  ဖွံ့ဖြိုးရေးမလုပ်နိုင်ဟု သမ္မတ ပြော
DVB
·
January 10, 2018
ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခကြောင့်  ဖွံ့ဖြိုးရေးမလုပ်နိုင်ဟု သမ္မတ ပြော
Donate to DVB

 

ကချင်ပြည်နယ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သဘာဝအလှအပတွေကိုလည်း မခံစားနိုင်၊ သယံဇာတတွေကိုလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် မသုံးနိုင်ဘဲ ဖြစ်နေရတယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဇန်န၀ါရီ ၁၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပြောဆိုလိုက်တာဖြစ်ပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ခုအခါ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အနေနဲ့ အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ မကြုံစဖူး စည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်တယ်။ ဒါ့ကြောင့် အဲ့ဒီ လမ်းကြောင်းမှန်အတိုင်း မတိမ်းမစောင်း၊ မယိမ်းမယိုင် တည်ငြိမ်ဖြောင့်မတ်စွာ ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးတို့ဟာ ပြည်သူနဲ့အတူ စည်းလုံးညီညွတ်မှုစွမ်းအားကို အရှိန်မြှင့်တင် မွေးမြူ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း သမ္မတရဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေး၊ပညာရေး၊ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတိုးမြှင့်ရေး အစီအမံများကို နိုင်ငံတော်က ဘဏ္ဍာငွေမြောက်မြားစွာကျခံ ဆောင်ရွက်ပေးနေတယ်။ ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ လျှောက်လှမ်းရာမှာ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ သမ္မတကတိုက်တွန်းပါတယ်။

၁၉၄၈ ဇန်နဝါရီ ၁၀ ရက်မှာ ကျင်းပတဲ့ ကချင်ပြည်နယ် ကောင်စီညီလာခံရဲ့ ပထမဆုံး အစည်းအစည်းအဝေးက ကချင်ပြည်နယ်အစိုးရအဖွဲ့ဖွဲ့စည်းခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ်သတ်မှတ် နှစ်စဉ်ကျင်းပခဲ့တာ ဒီနေ့မှာဆိုရင် နှစ် ၇၀ ပြည့် မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်အတွင်းမှာ အပစ်မရပ်သေးတဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့တပ်မတော်တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ဒေသခံလူထု တသိန်းကျော်တို့ဟာ ၆နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013