DVB Logo
Home
မြန်မာသတင်း
၆လအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများအတွက်သာ ဘတ်ဂျက်တောင်းရန် သမ္မတ ပြော
DVB
·
January 9, 2018
၆လအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများအတွက်သာ ဘတ်ဂျက်တောင်းရန် သမ္မတ ပြော
Donate to DVB

 

မြန်မာပြည်ရဲ့ဘဏ္ဍာရေးနှစ်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစပြီး အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိပြောင်းလဲပြင်ဆင်သတ်မှတ်မှာဖြစ်လို့ ၆ လတာကာလအတွင်း ပြီးစီးနိုင်မယ့် လုပ်ငန်းတွေကိုသာ ဘတ်ဂျက်တောင်းခံကြဖို့ သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

နေပြည်တော်၊ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ ဇန်န၀ါရီ ၉ရက် ဒီနေ့လုပ်တဲ့ ဘဏ္ဍာရေးကော်မရှင်  အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး  ငွေကြေးသုံးစွဲရာမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု စည်းမျဉ်းနဲ့အညီ သုံးစွဲကြဖို့လည်း ပြောပါတယ်။

ဒီတကြိမ် အစည်းအဝေးမှာ အဓိက ဘဏ္ဍာရေးနှစ် အပြောင်းအလဲကာလ ကြားကာ ၆လအတွက် ဘတ်ဂျက် ချထားပေးဖို့ စည်းဝေးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနှစ်ကို အရင် ဧပြီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ သတ်မှတ်ခဲ့ရာကနေ လာမယ့်  ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်မှာ ဖြစ်ပါတယ်။

ကူးပြောင်းချိန်ကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက် အထိ ၆ လတာကာလအတွက် ဌာန၊ အဖွဲ့အစည်းများရဲ့ အရ၊ အသုံး ခန့်မှန်းခြေ ငွေစာရင်းကို သီးခြားရေးဆွဲဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော် က အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။

ကူးပြောင်းချိန်ကာလ  ၆ လတာကာလအတွက်  နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework)အရ အသုံးစရိတ်ဘောင်တွေ သတ်မှတ်ပေးခြင်းမရှိဘဲ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများကို ၆ လတာကာလအတွက်ရရှိမယ့် ရငွေများ၊ သုံးစွဲမယ့်  အသုံး စရိတ်များကို ခန့်မှန်းရေးဆွဲပြီး တင်ပြစေခဲ့တာလည်းဖြစ်ပါတယ်။

၆ လတာကာလ ဘတ်ဂျက်အတွင်း ရှေ့ပိုင်း ၂ လသာ နွေရာသီဖြစ်ပြီး ကျန် ၄ လဟာ မိုးရာသီဖြစ်တဲ့အတွက် လုပ်ငန်းသဘာဝအရလုပ်ငန်းသစ်တွေ ဆောင်ရွက်ဖို့ အချိန်လုံလောက်မှု မရှိနိုင်ဘူးလို့လည်း  သမ္မတက ထောက်ပြခဲ့ပါတယ်။

ဘတ်ဂျက်တင်ပြတောင်းခံရာမှာ သာမန်အသုံးစရိတ် အပိုင်းမှာ ၀န်ထမ်းသစ်ခန့်ထားတာကို လာမည့်နှစ်ရဲ့ ၆ လတာကာလအတွင်း အမှန်တကယ် ခန့်ထားနိုင်မယ့်ကာလအပိုင်းအခြားအတွက်သာ တင်ပြတောင်းခံရမယ်၊ စက်ကိရိယာ၊ မော်တော်ယာဉ်နဲ့ အဆောက်အဦ ပြင်ဆင်တာတွေကိုလည်း ၆ လတာ ကာလအတွင်း ပြီးစီးနိုင်တဲ့ ကိစ္စတွေအတွက်သာ တောင်းခံရမယ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ပိုင်းမှာ  ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းတွေ ၆ လတာကာလအတွင်း ပြီးစီးနိုင်မယ့် လုပ်ငန်းတွေကို သာ တောင်းခံကြရမယ်လို့ သမ္မတက ဆိုပါတယ်။

၆ လတာကာလအတွင်း အမှန်တကယ်ရရှိသုံးစွဲနိုင်မယ့် ပြည်ပအကူအညီ ရငွေတွေ၊ ပြည်ပချေးယူရငွေတွေကိုသာ လျာထားကြပါလို့လည်း သမ္မတက မှာကြားပါတယ်။

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013