DVB Logo
Home
မြန်မာသတင်း
လယ်ယာလမ်းပေါ်ဖြတ်မောင်းသည့် တရုတ်ကုမ္ပဏီပိုင်ကျောက်သယ်ယာဉ်များကို ဘားအံလယ်သမားများတားဆီး
DVB
·
January 9, 2018
လယ်ယာလမ်းပေါ်ဖြတ်မောင်းသည့် တရုတ်ကုမ္ပဏီပိုင်ကျောက်သယ်ယာဉ်များကို ဘားအံလယ်သမားများတားဆီး
Donate to DVB

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာ ​ဒေသခံ​တွေရဲ့ လယ်ယာသွားလမ်းပေါ်မှာ ဖြတ်သန်းမောင်းနေတဲ့ တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်တွေကို ဒေသခံလယ်သမားတွေက ပိတ်ဆို့ တားဆီးခဲ့ပါတယ်။

စံပြကျေးရွာ ဒေသခံတွေရဲ့ လယ်ယာသုံးလမ်းပေါ်မှာ တရုတ်ကုမ္ပဏီ(CRBC)ပိုင် ကျောက်သယ်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာတာကြောင့် လမ်းပျက်စီးမှုမရှိအောင် တားမြစ် ပေးဖို့ ပြည်နယ်အစိုးရထံ တိုင်ကြားထားပေမယ့် ညှိနှိုင်းဖြေရှင်းပေးတာ မရှိတဲ့အတွက် ဇန်န၀ါရီ ၈ ရက် မွန်းလွဲပိုင်း လမ်းပေါ်ကျောက်တိုင်စိုက်ပြီး လယ်​သမားတွေက လမ်းပိတ်ဆို့ တားဆီး​ခဲ့တာပါ။

လယ်ယာသုံးလမ်းကို ကျောက်သယ်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာနေတဲ့အတွက် လယ်ယာစိုက်ပျိုးချိန်မှာ လယ်ယာသုံးစက်တွေ သွားလာလို့မရတဲ့အတွက် လမ်းကိုတားဆီး ပိတ်ဆို့ထားရတာလို့ ဦးဆောင်သူ ဒေသခံလယ်သမား ဦး ​စောငြိမ်းဖြူ က ပြောပါတယ်။

“ကျနော်တို့ လယ်မြေတွေထိခိုက်တယ်။ ၃ နှစ်ရှိပြီး။ ထိခိုက်တဲ့အခါကျတော့ ကျနော်တို့က ဒီလယ်ယာသုံးလမ်း သုံးမယ့်လမ်းက လယ်ယာ သုံးလိုရအောင်ဆိုပြီးတော့ ကျနော်တို့က အခု လမ်းကို တားဆီးထားတယ်။ ပိတ်ထားတယ်”လို့ ပြောပါ တယ်။

လမ်းကို အသုံးပြုနေတဲ့အချိန်မှာလည်း ပြုပြင်ပေးမှာဖြစ်သလို အသုံးပြုပြီးရင်လည်း ဒေသခံတွေ လိုချင်တဲ့ သဘော အတိုင်းဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ကျောက်ထုတ် တာဝန်ခံ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးရေးနှင့် ကွပ်ကဲ ရေးအဖွဲ့ ဗိုလ်ကြီး ဇော်လင်းက ပြောပါတယ်။

“နောက်လည်း လုပ်ငန်းလုပ်နေတဲ့ အချိန်မှာလည်း ကျနော်တို့ ဆက်လက်ပြီးအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပြီး လုပ် သွားပေးသလို လုပ်ငန်းပြီးဆုံးတဲ့အချိန်မှာလည်း ဒီလမ်းနဲ့ ပတ်သက်ပြီး ကျေးရွာကလိုအပ်ချက်အရ ကျနော်တို့ ဘာပြန်လုပ်ပေးရမလဲ။ ဒီလမ်းကို ပြန်ပြီးတော့ ကလော်ပြီးတော့ လယ်ပုံစံမျိုး ပြန်လုပ်ပေးရမလား။ ပြန်လုပ်ရင်လည်း ကျနော်တို့ အနေနဲ့ ပြန်လုပ်ပေးပါမယ်”လို့ ပြောပါတယ်။

ဒီကိစ္စ တင်ပြလာရင် ညှိနှိုင်းပေးမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “အဲဒီလယ်ကိုပြင်ဖို့ ဌာနဆိုင်ရာတွေက ပေါင်းပြီးလုပ်ပေးမယ်လေ။ ဘာအခက်အခဲ ရှိလည်း ပြော။ ပိတ်စရာကော လို လို့လား။ သူတို့ဆိုတာ ဘယ်သူတွေလဲ။ ဒီနှစ် ဒီလမ်းကို ခင်ဗျားတို့လည်း ပြင်ပြီးပြီလား။ ခင်ဗျာတို့ စိုက်ပျိုးချိန်လည်း မဟုတ်ဘဲနဲ့ အခုအချိန်မှာ ဘာကြောင့် စိုက်သလဲ။ကျနော် တို့ကိုပြောရင် ကျနော်တို့ ညှိနှိုင်းပြီး လုပ်ပေးမှာပေါ့။”လို့ပြောပါတယ်။

အာရှလမ်းသစ် စီမံကိန်းအတွက် ချစ်လင်းမြိုင်ကုမ္ပဏီက တရားဝင် ကျောက်ထုတ်ယူ လုပ်ကိုင်ခွင်ရရှိထားပြီး ကျောက်သယ်ယူတာကို တရုတ်မ္ပဏီ(CRBC)ပိုင် ကျောက်သယ် ယာဉ်ကြီးတွေနဲ့ သယ်ယူနေတာဖြစ်ပါတယ်။

လွန်ညစံပြကျေးရွာ ကျောက်တောင်ကနေ ကျောက်ကျင်း ပေါင်း ၁ သိန်း ၃ သောင်း ကို ၃ နှစ်အတွင်း ထုတ်ယူမှာဖြစ်ပြီး ပြည်နယ်အစိုးရကို ကျောက် ၁ ကျင်း ၂၅၀၀ ကျပ် အခွန်ပေးသွင်းပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် ၁ ကျင်း ၃၀၀၀ ကျပ်ပေးသွင်းရတယ်လို့ ကျောက်ထုတ် တာဝန်ခံက ပြောပါတယ်။

၂၀၁၇ ခု နိုဝင်ဘာ ၂၃ ရက်နေ့က ပတ်ဝန်းကျင်ကျေးရွာ ၆ ရွာက ဒေသခံ ရွာသူရွာသား ၉၀၀ ကျော်လောက်က ကျောက်ထုတ်ယူနေတဲ့အပေါ် စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်စာကို ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားပေမယ့် ဒီနေ့တိုင် ညှိနှိုင်းဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013