DVB Logo
Home
မြန်မာသတင်း
ကျွဲ၊ နွား အရှင်များ ပြည်ပ တင်ပို့ခွင့်ပြုခဲ့တာ ၃ လကြာသည့်တိုင် ခက်ခဲနေဆဲ
DVB
·
January 9, 2018
ကျွဲ၊ နွား အရှင်များ ပြည်ပ တင်ပို့ခွင့်ပြုခဲ့တာ ၃ လကြာသည့်တိုင် ခက်ခဲနေဆဲ
Donate to DVB

ကျွဲ၊ နွား အရှင်တွေ ပြည်ပကို တရားဝင်လမ်းကြောင်းကနေ တရားဝင် တင်ပို့ခွင့်ပြုခဲ့တာ ၃ လ ကြာခဲ့သည့်တိုင် လုပ်ငန်းအဆင့်ဆင့်ကို မန္တလေးတိုင်းဒေသကြီးမှာ စပြီးလုပ်နေရတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ပြည်ပ ကျွဲ၊ နွား ပို့လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သီရိဝေ ကျွဲ၊ နွား မွေးမြူရောင်းဝယ်ရေး ကုမ္ပဏီဒါရိုက်တာ ဦးဆန်းညွန့်လွင်က “ကုမ္ပဏီထောင်ရတယ်။ မွေးမြူရေးခြံ လုပ်ရတယ်။ ရှိသမျှငွေအားလုံး အရင်းထဲ ထည့်နေရတယ်။ ပြည်ပက ကုန်သည်နဲ့ ချိတ်ဆက်ရတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်း အဆင့်ဆင့် လုပ်ရတယ်။ တရားဝင် ခွင့်ပြုတယ် ဆိုကတည်းက လုပ်နေတာ။ အခုထိတော့ ကျွဲ၊ နွားတွေ မွေးခြံထဲမှာ စုနေတုန်းပဲ ရှိသေးတယ်။ ဒီလုပ်ငန်းတွေက အခုမှ စပြီးလုပ်တာဆိုတော့ အခက်အခဲတွေ ရှိနေတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲမှာ ကျွဲ၊ နွား အိပ်စပို့လိုင်စင်ကို  ကျောက်ဆည်၊ မြင်းခြံ၊ ရမည်းသင်း အဲဒီခရိုင် ၃ ခုက အများဆုံး လုပ်ကြပြီး  တရားဝင်တင်ပို့ခွင့် တင်ထားတာ အခုအချိန်အထိ ၂၅ ခုလောက်တော့ ရှိမယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန ညွှန်မှူး ဒေါက်တာဦးမောင်မောင်က ပြောပါတယ်။

“သက်ဆိုင်ရာ မြို့နယ် ခရိုင်နဲ့ ရုံးချုပ်က စိစစ်ပြီး မြို့နယ်ခရိုင်တွေက ခွင့်ပြုပေးရတယ်။ တိုင်းရုံးကိုတော့ သတင်းပို့ပေးရုံပဲ။ ဝယ်ယူစုဆောင်းခွင့်ပြုမယ်။ အကောင် ၁၀၀ ပြည့်ရင် ကျန်းမာရေး စစ်မယ်။ အဲဒီအကောင် ၁၀၀ ကို နားတွေမှာ အမှတ်အသားပြုတယ်။ အိပ်စပို့လိုင်စင် လျှောက်ရမယ်။ ခွင့်ပြုရင် ပို့မယ်ပေါ့။ တရားဝင်ပို့တော့ ပို့မှာပါ။ အများကြီတော့ မရှိသေးဘူးပေါ့။ တိုင်းအနေနဲ့ ကြီးကြပ်ပေးရုံပါပဲ။ သူတို့လည်း ဝယ်ယူစုဆောင်းရတဲ့ အခက်အခဲတော့ ရှိမယ်”

ကျွဲနွားတွေပြည်ပတင်ပို့မှုများလာရင် ပြည်တွင်းမှာ ရှားပါးသွားပြီး ကျွဲ၊ နွားဈေးတွေ တက်လာမယ့် အခြေအနေရှိနေပါတယ်။

စနေဒိုင် နွားပွဲဈေးတာဝန်ခံ ဦးသိန်းဝင်းက “အိပ်စပို့လုပ်ဖို့ နွားတွေ ဝယ်စုကြတယ်။ မဖြစ်မနေ လုဝယ်တာမျိုး ဆိုရင်တော့ ဈေးတက်မှာပေါ့။ နွားတွေ၊ ကျွဲတွေ အများကြီး ပို့လိုက်လို့ ရှားသွားရင် ဈေးတက်မယ်။ အဲဒီအိပ်စပို့ သိပ်မတွင်ကျယ်သေးဘူး။ အခုမှ စတာကိုး။ တွင်ကျယ်လာရင်တော့ ကျွဲ၊ နွားဈေး ထောင်တက်သွားမယ်။ အခုတော့ ၂ သိန်း၊ ၃ သိန်းလောက်တော့ ဈေးတက်တယ်။ ဒါကလည်း ထုံးစံအရ တက်တာပါ”လို့ ပြောပါတယ်။

နွားပွဲစား ကိုမောင်ညိုက “တရားဝင်ခွင့်ပြု‎လိုက်တာကို သိပါတယ်။ နွားပွဲဈေးတွေမှာ နွားဈေးကတော့ သိတ်မတက်ဘူး။ တောင်သူတွေ လုပ်ငန်းခွင်မှာ မလိုတော့ရင် ထုတ်ရောင်းကြမယ်။ အဲဒါဆို ဈေးနည်းနည်းကျမယ်။ လုပ်ငန်းခွင်ဝင်တဲ့အချိန် ပြန်ဝယ်မယ်။ ဈေးနည်းနည်းပြန်တက်မယ်။ ဒါကတော့ အစဉ်အလာပါပဲ”လို့ ပြောပါတယ်။

၂၀၁၇ အောက်တိုဘာ ၉ ရက်မှာ စီးပွားကူးသန်းဝန်ကြီးဌာနက တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျွဲ၊ နွားအရှင်တွေ ပြည်ပကို စည်းမျဉ်းစည်းကမ်းနဲ့အညီ တရားဝင် တင်ပို့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013