ဂါဇာစစ်ဘေးရှောင်စခန်းတွင် သဲမြေဘောင်ပြိုကျပြီး ကလေး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း ဒေးရ်အယ်လ်-ဘာလာဟ်မြို့ရှိ စစ်ဘေးရှောင်စခန်းမှာ တနင်္ဂနွေနေ့ ညပိုင်းက သဲမြေကုန်း ပြိုကျခဲ့တာကြောင့် ကလေး ၃ ယောက် အပါအဝင် အနည်းဆုံး ပါလက်စတိုင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။
ခုလို အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရတာဟာ ဆောင်းရာသီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဲမြေထု အမြောက်အမြား ပြိုကျကာ စစ်ဘေးရှောင်တွေရဲ့ တဲတွေကို ဖုံးလွှမ်းသွားခဲ့တာကြောင့်ဖြစ်ပြီး တခြားသူ အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။
အခုလို ယာယီစခန်းတွေနဲ့ အဲဒီပတ်ဝန်းကျင်မှာ အန္တရာယ်စိုးရိမ်ရမှု မြင့်မားနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
စစ်ဘေးရှောင် အဗ္ဗဒယ်လ်ကာရီးမ် အယ်လ်-ဆာဟာရ်က သဲမြေထုပြိုကျမှုကြောင့် သူ့ရဲ့မိခင်၊ ကလေးတွေနဲ့ ညီမဖြစ်သူတို့ တဲအောက်မှာ မြုပ်သွားခဲ့ပေမဲ့ သူတို့ကို သဲအောက်ကနေ အချိန်မီ ဆွဲထုတ် ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ မီးအလင်းရောင်နဲ့ စက်ကိရိယာ တန်ဆာပလာတွေ လုံးဝ မရှိတာကြောင့် လက်ဗလာနဲ့ပဲ တူးဆွခဲ့ရပြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေကို မကူညီနိုင်ခဲ့ဘဲ ကလေးငယ်တွေကို သေဆုံးလျက်သားပဲ ထုတ်ယူနိုင်ခဲ့တယ်လို့ တခြား စစ်ဘေးရှောင် မူစ်တာဖှာ အယ်လ်- မဆ်ရီက ပြောပါတယ်။
အခုဖြစ်စဉ်ဟာ ဂါဇာဒေသခံ ၂ သန်းလောက်ထဲမှာ အများစု ရင်ဆိုင်နေရတဲ့ ယိုင်နဲ့နဲ့ တဲစခန်းတွေနဲ့ အဆောက်အအုံ အပျက်အစီးတွေထဲမှာ နေထိုင်နေရတဲ့ ဆိုးရွားလှတဲ့ လက်တွေ့ဘဝကို ပေါ်လွင် နေပါတယ်။
အစ္စရေးရဲ့ စစ်ရေးထိုးစစ်တွေအပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးတာ ကြောင့် စစ်ဘေးရှောင်မိသားစုတွေဟာ တဲတွေထဲ ရေလွှမ်းမိုးမဲ့ စတုတ္ထမြောက် ဆောင်းရာသီကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြရပါတယ်။
ဂါဇာ ပြည်သူ့ဝန်ဆောင်မှုနဲ့ အိမ်ရာဝန်ကြီးဌာန ယာယီတာဝန်ခံ မိုဟမ္မဒ် အဘ်ဘူးဒ်က ပိတ်ဆို့ ခံထားရတဲ့ ဂါဇာဒေသထဲကို အကူအညီပစ္စည်းတွေ ဝင်ရောက်ခွင့် အပြင်းအထန် ကန့်သတ် ခံထားရသမျှ ကာလပတ်လုံး အခုလို ဘေးအန္တရာယ်တွေဟာ နေ့စဉ်ဖြစ်ပွားနေနိုင်တယ်လို့ သတိပေး ထားပါတယ်။
ဒါ့အပြင် တဲတွေဟာ အအေးဒဏ်၊ ပူဒဏ်ကို မကာကွယ်နိုင်တာကြောင့် ဘေးကင်းတဲ့နေရာတွေနဲ့ အမြဲတမ်း ရွှေ့ပြောင်းအိမ်ရာတွေ ထောက်ပံ့ပေးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
Source:Reuters











